
အောက်တိုဘာလ ၂၂ ၊ မြစ်ကြီးနား
အခုလကနေ ပူပြင်းမှုဒဏ်ကို သိသိသာခံစားလာနေရတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသလို ပြင်းထန်အယ်လ်နီညို စတင်ဖြစ်ပေါ်နေပြီး ပြည်တွင်းက နေရာအနှံ့မှာလည်း အပူဒဏ်ကာကွယ်ဖို့ ပညာပေးလုပ်ငန်းတွေ ပြုလုပ်လာနေတယ်လို့ သိရပါတယ်။
မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေစုပေါင်းပြီး ဆောင်ရန်ရှောင်ရန်ကိစ္စရပ်များနဲ့ သတိပြုရမယ့် ကိစ္စရပ်တွေကို ပညာပေးမှုတွေ အောက်တိုဘာလအတွင်း ဆက်တိုက်ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။
“ မိုးညှင်းမှာတော့ စာရွက်စာတမ်းဝေနေတာတွေ့တယ်၊ ၁၀ နာရီနောက်ပိုင်းနဲ့ ညနေ ၄ နာရီအထိ အပြင်မထွက်ဖို့၊ ရေများများသောက်ဖို့ အဲလိုညွှန်ကြားထားတာရှိတယ်၊ နောက်ပိုင်း အပြင်ထွက်ရင် အကာအကွယ် ထီးတွေ ခမောက်တွေဆောင်းဖို့ သတိပေးထားတယ် အခုအထိတော့အဲလောက်ပဲလုပ်ပေးသေးတယ်၊ ထွေထွေထူးထူးလုပ်ပေးတာတော့မရှိသေးဘူး”လို့ ကချင်ပြည်နယ် ၊မိုးညှင်းမြို့နယ်အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက အခုလိုပြောပြပါတယ်။
ကချင်ပြည်နယ်ထဲက မိုးညှင်း၊ မြစ်ကြီးနား၊ ဝိုင်းမော် စတဲ့မြို့ပေါ်တွေနဲ့ ဒေသအများအပြားမှာ စာသင်ကျောင်းနဲ့ လမ်းမတွေပေါ် ကျန်းမာရေးလက်ကမ်းစာစောင်များ ပေးဝေခြင်း ၊ လှည့်လည်သတိပေးဆော်သြခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ ဝိုင်းမော်မှာတော့ ဟောပြောပွဲတော့ မလုပ်ဘူး ညဆိုရပ်ကွက်တွေပတ်ပြီး အော်တာတွေတော့ရှိတယ် ၊လမ်းကမ်းစာစောင်ဝေတယ် ကြာပြီဟုတ်တယ်” လို့ ဝိုင်းမော်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် အပူပိုင်းဒေသဖြစ်တဲ့ မန္တလေး၊ရန်ကုန် ၊မွန် ၊မကွေး၊စစ်ကိုင်းနဲ့ နေပြည်တော်စတဲ့ တိုင်းနဲ့ပြည်နယ်အချို့မှာ အပူရှောင်စခန်းများ တည်ဆောက်ဖွင့်လှစ်ပေးမှုတွေလည်း စတင်ပြုလုပ်နေတယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောက်တိုဘာလဝက်အထိ အပူရှောင်စခန်း (၆၈)ခု ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောထားပါတယ်။
ရာသီဥတုသက်ရောက်မှုဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတို့မှာ ပိုမိုဖြစ်ပွားနိုင်တာကြောင့် ကိုယ်ခံအားစနစ်အောင်းမွန်အောင် ဂရုစိုက်ပေးသင့်ပြီး ရေဓာတ်ပြည့်ဝစေဖို့ မကြာခနရေသောက်သုံးပေးဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်။
အပူချိန်မြင့်မားတဲ့ ဒေသတွေမှာ ဒီရက်ပိုင်းတွေအတွင်း အပူရှပ်သေဆုံးမှုတွေ မကြာခနဖြစ်ပွားလာနေတာလည်း တွေ့နေရပါတယ်။
မြန်မာပြည်တွင်းက မိုးလေဝသပညာရှင်တွေကလည်း အခုအောက်တိုဘာလကနေ ငါးလအတွင်း အယ်လ်နီညိုသက်ရောက်မှုဟာ မြန်မာကို သိသိသာသာရိုက်ခတ်မယ်လို့ ပြီးခဲ့တဲ့လတွေက ခန့်မှန်းထားကြပါတယ်။
