မိုးညှင်းမြို့နယ်မှာရွေးကောက်ပွဲကြိုတင်မဲထည့်မှုစတင်

ဒီဇင်ဘာ၁၉မိုးညှင်း 

မိုးညှင်းမြို့နယ်မှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲထည့်တာတွေကို ဒီနေ့ ဒီဇင်ဘာလ(၁၉)ရက်နေ့မှ စတင်ပြီး မဲထည့်လို့ရနေပြီဖြစ်တယ်လို့ အုပ်ချုပ်ရေးရုံးနဲ့နီးစပ်သူများထံမှ သိရပါတယ်။

 ” ဒီမှာက ရဲ၊ပညာရေးဝန်ထမ်း နီးစပ်ရာက ကြိုတင်မဲထည့်ရမယ် ကျောင်းသူ/သား တက္ကသိုလ်သွားတက်ရမယ့်သူတွေ သူတို့တွေကြိုတင်မဲထည့်နိုင်ဖို့ကို လုပ်နေကြတာပေါ့’ ဟု မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသရဲ့ မဲရုံမှူးက ပြောပြပါတယ်။

ကြိုတင်မဲထည့်တာကို ဒီနေ့ (၁၉)ရက်နေ့ကနေ  ရွေးကောက်ပွဲကျင်းပတဲ့ရက် ဒီဇင်ဘာလ(၂၈)ရက်နေ့အထိ  (၁၀)ရက်အထိသာ လက်ခံသတ်မှတ်ထားကြောင်း ဆိုပါတယ်။

ဒီလိုလာရောက်ထည့်ဝင်နိုင်ဖို့  မဲဆန္ဒရှင်တွေက လက်ရှိနေထိုင်တဲ့ဒေသရှိ နီးစပ်ရာ ရုံး/ဌာနတွေကနေ ပုံစံ(၁၅)ကို ပြီးခဲ့တဲ့လတွေက ဖြည့်သွင်းလျှောက်ထားရတာဖြစ်ပြီး သတ်မှတ်ထားတဲ့နေရာမှာ ယနေ့ကြိုတင်မဲပေးဆောင်ရတာလည်း ဖြစ်ပါတယ်။ 

အင်းတော်ကြီးဒေသမှာ  မဲရုံတွေကို နန့်မွန်းမြို့၊ မမုံကိုင်နဲ့မိုင်းနောင် ကျေးရွာတို့မှာ တည်ဆောက်ထားပြီးဖြစ်တယ််လို့ သိရပါတယ်။

ရွေးကောက်ပွဲကာလအတွင်း မိမိဒေသမှာမဟုတ်ပဲ အခြားနေရာဒေသထံသို့ ခရီးသွားရောက်ရန်ရှိနေသူများ၊အစိုးရဌာနဆိုင်ရာအပြောင်းအရွှေ့ပါရှိသူ ဝန်ထမ်းများ အပြင် မဲထည့်ဖို့ အကျုံးဝင်တဲ့ ကျောင်းသူကျောင်းသားများက ကြိုတင်မဲပေးဆောင်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကော်မရှင်ရဲ့ထုတ်ပြန်ထားမှုအရ ကြိုတင်မဲပေးဆောင်ရန်လိုအပ်သူများက  တပ်မတော်သားများ ၊ရဲဝန်ထမ်းနဲ့ သူတို့ရဲ့ မိသားစုဝင်များ၊ တက္ကသိုလ် ကောလိပ်ကျောင်းသူ/သားများ၊ ဆေးရုံအတွင်းလူနာများ၊ အချုပ်ကျခံနေသူများနဲ့  နိုင်ငံခြားနေထိုင်သူများတို့ပဲ  ဖြစ်ပါတယ်။ 

လာမယ့်ရွေးကောက်ပွဲမှာ အင်းတော်ကြီးဒေသအတွင်း အင်းအရှေ့ကမ်းနဲ့ အနောက်ကမ်းကျေးရွာအုပ်စုစုစုပေါင်း(၁၁)အုပ်စုရှိတဲ့အထဲ (၃)အုပ်စုကျော်သာရွေးကောက်ပွဲ ပြုလုပ်နိုင်တာဖြစ်ပါတယ်။  

ဒါ့အပြင် မိုးညှင်းမြို့အနီးတစ်ဝိုက်က  တော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားမှုရှိတဲ့ နန့်စော်လော်နဲ့ တောင်အင်းကျေးရွာအုပ်စုနှစ်အုပ်စုသာ ရွေးကောက်ပွဲကျင်းပမှုနယ်မြေစာရင်းထဲ ပယ်ဖျက်ထားကာ ကျန်ကျေးရွာနဲ့ မြို့ပေါ်တွေမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ  ပြည်ပကလူတွေအတွက် ကြိုတင်မဲထည့်တာတွေကို ဆောင်ရွက်ခဲ့ပေမယ့် လူဦးရေအနည်းငယ်သာ မဲလာထည့်ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *