
ဇွန် ၂၄ ၊ မိုးမိတ်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာတောင်ဘက်က ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော်(SSPP/SSA) ရဲ့ တပ်စခန်းတစ်ခုကို တအာင်း/ပလောင်တပ်ဖွဲ့ (PSLF/TNLA) က ဇွန်လ (၂၃)ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ယနေ့မှာ SSPP Info က ထုတ်ပြန်ထားတာဖြစ်ပြီး တအာင်းတပ်ဖွဲ့များက စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်ဝင်ရောက်ခဲ့တာဖြစ်ကြောင်း ဆိုထားပါတယ်။
ဒါကြောင့် SSPP ဘက်မှလည်း ခုခံတိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် မိနစ်အနည်းငယ်အကြာ နှစ်ဦးနှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် TNLA တပ်ဖွဲ့များက ဆုတ်ခွာသွားကြောင်း သိရပါတယ်။
နှစ်ဖက်အကျအဆုံးအထိအခိုက်များကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။
မကြာသေးမီ ဇွန်လ(၁၉)ရက်နေ့ကလည်း TNLA တပ်ဖွဲ့များရဲ့ တပ်မဟာ (၃)ခုက စစ်အင်အား(၂၀၀)ကျော်ဟာ မိုးမိတ်မြို့နယ်အတွင်းက SSPP တပ်စခန်းရှိတဲ့ မိုင်းဟောက်ကျေးရွာမှာ ဝင်ရောက်ထိုးစစ်ဆင်နေရာချထားခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၁၅ ရက်နေ့မှာလည်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအနီးမှာ SSPP/SSA နဲ့ TNLA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။
SSPP တပ်ဖွဲ့ရဲ့ နယ်မြေများကို ၎င်းနဲ့မဟာမိတ်တပ်ဖွဲ့များဖြစ်တဲ့ TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) များက မကြာခနဆိုသလို လာရောက်ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေတာလည်းဖြစ်ပါတယ်။
သို့သော် မကြာသေးခင် ဇွန်(၁၉)ရက်နေ့ကတော့ MNDAA တပ်ဖွဲ့များနဲ့ SSPP/SSA တို့ အကြားအဆင့်မြင့်ညှိနှိုင်းရေးယန္တရားတစ်ခုကို ‘ဝ’ တပ်ဖွဲ့အကူအညီဖြင့် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ‘ဝ’တပ်ဖွဲ့(UWSA) ထံကို TNLA ရဲ့လုပ်ရပ်များကို ထိန်းကျောင်းပေးဖို့ အကူအညီတောင်းခံတဲ့ စာတစ်စောင် SSPPက ပေးပို့ခဲ့ဖူးပါသေးတယ်။