
မေ ၁၆ ၊ မိုင်းဆတ်
မြန်မာ-ထိုင်းနယ်စပ် မိုင်းဆတ်မြို့နယ်အတွင်းက (UWSA)ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းယွန်းဒေသမှာ မြေရှားသတ္တုတူးဖော်မှုကြောင့် ရေအရင်းအမြစ်တွေ ထိခိုက်ပျက်စီးလာနေပြီး လူတစ်သန်းအပေါ် ကျန်းမာရေးဆိုင်ရာပြဿနာတွေ ရှိလာတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF က မနေ့က ထုတ်ဖော်ပြောဆိုပလာပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနဲ့ မျက်နှာချင်းဆိုင် ထိုင်းနယ်စပ်မြောက်ပိုင်းကနေ ၂၅ ကီလို မီတာ အကွာမှာ သတ္ထုလုပ်ကွက် ၂ ခုရှိနေပြီး သတ္တုတူးဖော်မှု စွန့်ပစ်ပစ္စည်းတွေလည်း နမ့်ခုတ်ချောင်းအတွင်းသို့ စီးဝင်နေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့မိုင်းယွန်းဒေသမှာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ ရွှေတူးဖော်မှုတွေဟာ ယခင်ရှိထားပြီးဖြစ်ပေမယ့် အခုသတ္တုတူးဖော်မှုဟာ ရေအရင်းအမြစ် ညစ်ညမ်းမှုတွေထက် ပိုဆိုးရွားနိုင်ပြီး ဒေသခံတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောဆိုပါတယ်။
SHRF ရဲ့ ဂြိုလ်တုကနေ ရှာဖွေတွေ့ရှိထားရတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ မြေရှားသတ္ထုတူးဖော်မှုပုံစံဟာ ကချင်ပြည်နယ် ပန်ဝါဒေသက သတ္တုတူးဖော်မှု ပုံစံအတွင်းဖြစ်တယ်လို့ဆိုပါတယ်။
ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်မှုပုံစံဟာ တောင်တစ်ခုလုံးကို အပေါက်ဖောက်ပြီး ဓာတုဆေးရေလောင်းထည့်ကာ ပြန်လည်စစ်ယူတဲ့ နည်းစနစ်မျိုးဖြစ်ပါတယ်။
ဒီစနစ်ကြောင့် ကချင်ပြည်နယ်က မေခမြစ်အတွင်းမှာ ဓာတုဆေးရည်ဝင်ရောက်မှုတွေများပြားလာတယ်လို့ သတ္တုတူးဖော်ခဲ့ဖူးသူ တစ်ဦးက ရှမ်းနီအသံကို မှတ်ချက်ပြုထားဖူးပါတယ်။
အခု မိုင်းယွန်းဒေသက မြေရှားသတ္တုတူးဖော်မှုတွေဟာလည်း စွန့်ပစ်ဓာတုပစ္စည်းများကို နမ့်ခုတ်ချောင်းအတွင်းကို စွန့်ထုတ်နေပြီး ဒီချောင်းရေကိုအမှီပြုနေတဲ့ မြန်မာရော၊ ထိုင်းနိုင်ငံကပါ ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ SHRF က ပြောပါတယ်။
ဒီ နမ့်ခုတ်ချောင်းနဲ့ ချောင်းအနီးမှာ ရွှေတူးဖော်မှုတွေကြောင့် ရေအဆိပ်သင့်မှုတွေဖြစ်ပေါ်ခဲ့ပြီး လုပ်ငန်းရပ်နားဖို့အတွက် ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပေမယ့် ရပ်နားခြင်းမရှိသေးကြောင်း သိရပါတယ်။
