




မျှော်လေတိုင်းမှာ မြူခိုးများဖြင့် ညို့မှိုင်းနေပြီး မြင်ကွင်းထဲ ရေးရေးမျှသာ မြင်နေရသော နာဂတောင်တန်း တည်တည်ငြိမ်ရှိနေသည်။ လဲလျောင်းနေသည့် တောင်တန်းရှည်ကြီးနဲ့အတူ မြောက်အရပ်မှတောင်အရပ်သို့ စုန်စီးနေသော သလ္လာဝတီမြစ်(ခေါ်) ချင်းတွင်းမြစ်သည်လည်း လိုက်ဖက်စွာပနံသင့်နေသည်။ လှပသောအမည်နာမနဲ့ လိုက်ဖက်အောင် ငြိမ့်ငြိမ့်မျှသာစီးဆင်းနေတဲ့မြစ်၊ သလ္လာဝတီမြစ်ပြင်ကျယ်။
ဆူညံစွာမြည်သောစက်သံဖြင့် ခုတ်မောင်းနေကြသည့် ရေယာဉ်အကြီး၊အလတ်၊အသေး စသည့်အရွယ်အစားစုံလင်သော ရေယာဉ်များတစ်စီးပြီးတစ်စီး အစုန်တစ်ဖုံ၊ အဆန်တစ်လှည့် ဖြတ်သန်းမောင်းနှင်နေကြသည်။ ချင်းတွင်းမြစ်ဘေးအနီးရှိ ရှမ်းနီကျေးရွာတစ်ခုလည်းဖြစ် အင်းအမြှီးပိုင်း ဟုအဓိပ္ပာယ်မည်သော ([EMifeGEif) ဟင်နောင်ကျေးရွာ၏ ရေယာဉ်ဆိပ်ကမ်းမှ မြောက်ဘက်သို့ဆန်တက်ရန် မိမိတို့အုပ်စု စက်လှေစောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
နွေဦးကာလ နံနက်ခင်း(၈)နာရီဝန်းကျင်၊ မြို့ပြတို့တွင် အပူဓာတ်ကြီးစိုးလာချိန် ဟင်နောင်ကျေးရွာမှာတော့ အအေးဓာတ်ကအနည်းငယ်ပိုနေဆဲ ၊ခိုက်ခိုက်တုန်အောင်မချမ်းတော့သည်တိုင်အောင် အအေးဓာတ်ကတော့ကျန်နေဆဲ။ မိနစ်အနည်းငယ်အကြာတွင် ငှားရမ်းထားသည့် ဒေသအခေါ်ရှော်လဗန် (ခေါ်)အလတ်စား စက်လှေတစ်စီးနှင့် မောင်းနှင်သူဒေသခံတစ်ဦး ရောက်ရှိလာပြီးနောက် မြောက်ဘက်သို့ ဆန်တက်ကာ ရေကြောင်းခရီးစတင်ခဲ့သည်။
ရာဇဝင်ဒဏ္ဍာရီများဖြင့်ပြည့်နှက်နေသော ထမံကျားတို့နေထိုင်ကျက်စားရာဒေသလည်းဖြစ်၊ ထမံသီဘေးမဲ့တောကြီးတည်ရှိရာဒေသလည်းဖြစ်သည့် ထမံသီစံပြကျေးရွာသို့ ဦးတည်ပြီး ခရီးနှင်ခဲ့ကြခြင်းဖြစ်သည်။
ကွေ့တစ်ခါကောက်တစ်လှည့်ဖြင့် နမ့်တာလုံ(ချင်းတွင်းမြစ်) ၏ရေကြောင်းလမ်းမြင်ကွင်းတွေက တစ်သက်မမေ့နိုင်စရာပေ။ နမ့်တာလုံသည် ရေစီးသန်သော်လည်း တည်တည်ငြိမ်ငြိမ် စီးသည့် မြစ်တစ်ခုပင်ဖြစ်သည်။ တောတန်း တောလျှိုမြောင်အသွယ်သွယ်ကို ဖြတ်စီးလာခဲ့တာကြောင့် မြစ်ရေကလည်း အေးစိမ့်ကြည်လင်သည်။ စက်လှေအဆန်တက်ရင်း မြစ်ဘေးတစ်ဖက်တစ်ချက်ရှိ မြစ်ကိုအမှီသဟဲပြုနေထိုင်နေကြသော အိမ်တန်းစုစုကျေးရွာများကို မြင်တွေ့ရသည်။ ရံဖန်ရံခါ အိမ်ခြေနှစ်ဆယ်စုခန့် ရှမ်းနီကျေးရွာငယ်နှစ်ရွာ ကပ်လျက်ရွာတည်ထားသလို ရံဖန်ရံခါ တစ်ရွာနှင့်တစ်ရွာအကွာအဝေးအတော်အတန် ခပ်လှမ်းလှမ်း ခြားနားတည်ရှိနေမှုများကိုလည်း တွေ့မြင်ရသည်။ အိမ်ခြေအတော်အသင့် များပြားသည့် ကျေးရွာများလည်းရှိသည်။ ရှမ်းနီကျေးရွာများအပြင် ချင်းတိုင်းရင်းသားကျေးရွာအချို့ကိုလည်း မြင်ရပြန်သည်။ ချင်းတိုင်းရင်းသားများသည် ယခင်ကတောင်ပေါ်ဒေသတွေ၌သာ နေထိုင်ကြသော်လည်း သောက်သုံးရေနဲ့ စားနပ်ရိက္ခာခက်ခဲရှားပါးမှုများကြောင့် အချို့သည် ယခုမြေပြန့်မြစ်ဘေးသို့ ပြောင်းရွှေ့အခြတည်လာတာ ဆယ်စုနှစ်နှစ်စုနီးပါးကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ နားကွဲမတတ်ဆူညံမောင်းနှင်နေသော စက်လှေပေါ်ရှိမြင်ကွင်းအတွင်း တစ်ခါတစ်ခါ ဝင်ရောက်လာတတ်သည်က ကျောက်ဖျာများ ၊ မြစ်ကမ်းဘေးတစ်လျှောက် ကိုယ်လက်သန့်စင်ရေချိုးနေကြသော ရွာသူရွာသားများနဲ့ကလေးများလည်းပါသည်။ မိမိတို့လှေပေါ်စီးနှင်းလိုက်ပါလာသည့် ဒေသခံအမျိုးသမီးတစ်ဦး၏ပြောပြချက်အရ ချင်းတိုင်းရင်းသားများသည် တောင်ပေါ်နေမျိုးနွယ်စုများဖြစ်သည့်အလျောက် ရေကူးခတ်မှုကျွမ်းကျင်ခြင်းမရှိသောကြောင့် တစ်နှစ်လျှင်အနည်းဆုံး(၂)ဦးခန့် မြစ်အတွင်းမျှောပါသေဆုံးမှုရှိကြောင်း ဆိုသည်။
ထမံသီကျေးရွာနှင့် ဟင်နောင်ကျေးရွာကြားရှိ မြစ်ဘေးတစ်လျှောက်တွေ့ရသည့် ကျေးရွာများက (rdlif;wGif;)မိုင်းတောင်းကျေးရွာ၊ ဟူးပက်([lEyof)ကျေးရွာ၊ညောင်ပင်ကျေးရွာ၊အထက်အောက်မျက်နှာလွှဲ မြစ်ကမ်းတစ်ဖက်တစ်ချက်တည်ရှိနေသည့် အောက်မိုင်းဝယ်(rdlif;obEM)၊ အထက်မိုင်းဝယ်ကျေးရွာ၊ယက်ဖကျေးရွာနှင့် မန်သဲကျေးရွာတို့အပြင် ကျေးရွာအားလုံးသည် မြစ်ကိုမှီပြီး စားဝတ်နေရေးဖြေရှင်းကြသည်။
နွေဝင်လုဝင်ခင်ဖြစ်သည်အတွက်ကြောင့် မိုးရာသီများကဲ့သို့ ကမ်းပါးထိပ်များထိ ရေဖုံးလွှမ်းရောက်ရှိမနေဘဲ တစ်ဖက်မှာဖြူလွှလွှသဲသောင်ယံတို့ သောင်ထွန်းနေသည်။တစ်ဖက်၌လည်း အရပ်နှစ်ပြန်စာခန့် နစ်မြှုပ်ရန်ကျန်နေသေးသည့် ကမ်းပါးယံရှိသည်။ သည့်အတွက် သလ္လာဝတီမြစ်ပြင်က အနည်းငယ်ကျဉ်းနေသယောင်ထင်ရသည် ။သို့သော် အချို့ကမ်းပါးယံအနီးတစ်ဝိုက်တွေ၌ စက်ယန္တားကြီးများဖြင့် ရွှေမျှောတူးဖော်နေမှုများကို တွေ့ရသည်။ လှပသောပတ်ဝန်းကျင်ကို အကျဉ်းတန်စေသည်မှာတော့ အမှန်ပင်ဖြစ်၏။ မှန်၏။စိတ်မချမ်းမြေ့စရာ မြင်ကွင်းပင်။ ဟုမ္မလင်းဒေသသည် သဘာဝသယံဇာတတစ်မျိုးဖြစ်သော ‘ရွှေ’ အလွန်ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်သည်တော့မှန်သည်။ အချို့နေရာများ၌ စက်ယန္တရားကြီးများမပါဝင်ဘဲ လက်ဖြင့်’ရွှေ’လောင်းရှာနေသည့် တစ်နိုင်တစ်ပိုင်လက်လုပ်မျှောများကိုလည်း ဟိုတစ်စ၊ဒီတစ်စရှိနေသည်။
ရွှေလောင်းဘုရားလို့ နာမည်ကျော်သည့် မြစ်လယ်ကျောက်ဖြာပေါ် တည်ထားသည့် ဘုရားပြင်ဖြစ်သည်။ ရွှေလောင်းဘုရားပွဲလည်း ကျင်းပပြီးတစ်ရက်သာရှိသေးပြီး ပွဲပြီးစ ပလပ်စတစ်များ၊ စျေးဆိုင်တဲများ ၊ ဖျော်ဖြေရေးမဏ္ဍပ်များက ရှိနေဆဲဖြစ်သည်။ ရွှေလောင်းဘုရားကို လွန်လာပြီး သပ်သပ်ရပ်ရပ် အစီအရီစီထပ်ထားသည့် လှပသော အဝါရောင်ဝါးလုံးဝါးဖောင်များကို တွေ့မိသည်။ ထောင်နှင့်ချီသည့် ဝါးများကို ရှမ်းနီဒေသမှ အညာအရပ်ဒေသဆီသို့ ပို့ဆောင်နေခြင်းဖြစ်သည်။ မေးမြန်းကြည့်ရာ အဆိုပါဝါးဖောင်တစ်ဖောင်လျှင် မြန်မာကျပ်ငွေသိန်း(၂၀)ပေါက်စျေးရှိကြောင်း သိရသည်။ ဝါးဖောင်များအား မုံရွာခရိုင်ကဲ့သို့သော မြန်မာပြည်အောက်ပိုင်းဒေသမှ ဗမာလူမျိုးများလာရောက်ပြီး ဝါးများကို ခုတ်ယူစုစည်းကြတာလည်း ဖြစ်သည်။ထို့နောက် စီရီပြီး အောက်ပိုင်းဒေသသို့ စီးပွားဖြစ်ရောင်းချကြခြင်း ဖြစ်သည်။ ဒါ့အပြင် ၎င်းတို့ဒေသကနေ စွန့်ခွာလာပြီးချင်းတွင်းမြစ်ကြောင်းပေါ် တစ်နေရာမှတစ်နေရာသို့ ရေမျှောကမ်းတင်နေထိုင်နေသည်မှာ ဆယ်စုနှစ်သုံးခုနီး ပါးရှိနေပြီဟု သိရသည်။ ဝါးဖောင်လုပ်ငန်းခတ္တရပ်နားချိန်တွေ၌ သင်ဖြူးဖျာယက်လုပ်ရောင်းချခြင်း၊ တံငါလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ဖြည့်တင်းကြသည်ဟု ဆိုသည်။
တစ်ခါ ဟုမ္မလင်းဒေသ၌ စားသုံးကြသည့် ပိုးဖလံများပေါက်ဖွားရာ ဇကာပေါက်များကဲ့သို့ သဏ္ဍာန်တူ တွင်းပေါက်ငယ်လေးများကိုလည်း တောင်ကမ်းပါးယံအောက်ခြေနေရာတိုင်းလိုလို၌ တွေ့ရသည်။ ပိုးဖလံသည် ပလူ(ခေါ်)မျိုးပွားချ အရွယ်အစားခန့်သာရှိပြီး အဖြူရောင်အကောင်ငယ်များဖြစ်သည်။ ဒေသခံများက ပိုးဖလံများကို ပုံစံအမျိုးမျိုး ပြုလုပ်ပြီးစားသုံးကြသည်။ မြူနှင်းတွေကွဲစ ပြုလာသည်။ နေမင်းဟာ မြူနှင်းများကို ခွင်းပြီးနောက် ကမ်းပါးယံတချို့မှာ စိမ်းစိမ်းလန်းလန်းသီးနှံစိုက်ခင်းများ၊တစ်ချို့နေရာများ၌ နေကြာပန်းပင်စီစီရီရီများတို့လည်း ဟိုတစ်ကွက်၊ဒီတစ်ကွက်။ ဆက်လက်လိုက်ပါစီးနင်းရင်း ကုန်ပစ္စည်းများတင်ဆောင်လာသည့် အမြန်ရေယာဉ်တစ်စီး အောက်ဘက်(သို့)တောင်ဘက်သို့ တစ်ဖြည်းဖြည်း မနှေးမမြန်ဖြတ်ကျော်မောင်းနင်သွားသည်။



အင်မတန်ရူမငြီးအောင် လှပပြီး မျက်စိလွှဲရက်ဖွယ်မရှိ အမြင်အသစ်အဆန်းများဖြင့်ပြည့်စုံနေသော မြစ်ကြောင်းကနေ (၃)နာရီနီးပါးမောင်းနှင်လာပြီးနောက် “ ထမံသီစံပြကျေးရွာမှ ကြိုဆိုပါ၏” ဆိုင်းဘုတ်လေးကို မြင်လိုက်သည်။ ကမ်းပါးထိပ်ရှိ ဆိုင်းဘုတ်ကို မမြင်မိခင် မြင်ကွင်းအတွင်း ဦးစွာဝင်ရောက်လာသည့်အရာသည် (၇၀)ရာခိုင်နှူန်း ( ယခုမေလမှာ ပြီးစီးသွားသည့်တံတား)တစ်ဝက်တစ်ပျက်ဆောက်လုပ်ပြီးစီးထားသည့် တံတားတစ်စင်း။ လေရှီးဒေသနဲ့ ဟုမ္မလင်းဒေသကို ဆက်သွယ်သွားလာရေးပိုမိုလွယ်ကူစေရန် တည်ဆောက်နေသည့် ချင်းတွင်းတံတား (ထမံသီ)ဖြစ်သည်။ အထက်ဘက်သို့ တည့်တည့်ဆက်သွားမည်ဆိုပါက ခန္တီးဒေသသို့ ရောက်ရှိမည်ဖြစ်သည်။ ယင်းနောက် ထမံသီကျေးရွာအတွင်းဝင်ရောက်ပြီး ကျိုးတိုးကျဲတဲသာကျန်ရှိနေသည့် သမိုင်းဝင်နေရာများနှင့် ထမံကျားသမိုင်းကြောင်းကို လိုက်လံကြည့်ရှူမိခဲ့သည်။ ထမံသီကျေးရွာ ၊ ထမံသီဒေသဟာ အထက်ချင်းတွင်းရှမ်းနီဒေသ သာမက မြန်မာတစ်နိုင်ငံလုံးကပါ သိတဲ့ ထမံကျားမျိုးနွယ်တို့ရဲ့ စံပျော်ရာနေရာတွေလည်းဖြစ်ပါသည်။ [ ထမံသီကျားအကြောင်း သီးသန့်ရေးပါအုံးမည် ] ။ ထမံသီကျေးရွာသည် ရွာကြီးဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားတို့ အဓိကနေထိုင်ကြသည်။ တခြားသော နာဂ ၊ ချင်း ၊ ဗမာ လူမျိုးတို့လည်း နေထိုင်ကြသည်။ ထမံသီကျေးရွာသည်လည်း ရှမ်းနီတိုင်းရင်းသားတို့ ရွာတည်သည့် အတိုင်းပင်ဖြစ်သည်။ နှစ်ဆောင်ပြိုင်အိမ် ၊ ရွာတန်းရှည်ရှည် ၊ ရွာဦးဘုန်းကြီးကျောင်း စည့် လက္ခဏာများကိုတွေ့မြင်ရသည်။နှစ်ပေါင်း ရာနှင့်ချီကြာမြင့်နေသည့် မြေပေါ်တွင် လက်ရာအမျိုးမျိုးသော ဗုဒ္ဓဆင်းတု အဆူဆူများ၊ ပြိုလုပြိုခင် ကျောင်းအိုအို တို့တည်ရှိနေသည်။ အိန္ဒိယ-မြန်မာနယ်စပ်ဒေ သမှာ ရေလမ်း ၊ကုန်းလမ်း နှစ်သွယ်ဟာ ထမံသီဒေသကို ဖြတ်သန်းပြီးမှ သွားလာနိုင်ခြင်းကြောင့် နောင်တစ်ချိန် အရေးပါလာမည့် ဒေသလည်းဖြစ်သည်။ ထမံသီဒေသသည် သမိုင်းဟောင်းဟောင်းတို့ရှိနေသော် လည်း အနာဂတ်သမိုင်းသစ်အတွက်လည်း ခြေလှမ်းပြင်နေသည့် ဒေသတစ်ခုအဖြစ်တွေ့မြင်ရသည်။
မြစ်ပြင်ပေါ် နေရောင်လည်း ရွှေဝါရောင်သန်းစပြုလာသည်။ သစ်ပင်၊ဝါးပင်များပေါများသလို တောင်တွေနဲ့ကာရံထားသောဒေသဖြစ်တာကြောင့် မိုးချုပ်လွယ်သည်။ အနောက်ဘက်တောင်တန်းများအပေါ် နေမင်းကြီးကမေးတင်ငုတ်လျိုး ဝင်ရောင်ဖို့ အရှိန်ဖြင့်ထိုးဆင်းနေသည်။ လှေဦးကို တောင်အရပ်လှည့် အားကောင်းကောင်းနဲ့ နေမဝင်ခင် ဟင်နောင်ကျေးရွာအရောင် စုန်ဆင်းခဲ့သည်။ အစုန်ခရီးမို့ တစ်နာရီကျော် နှစ်နာရီခန့်သာ ကြာမြင့်သည်။ ချင်းတွင်းမြစ်၏ ညနေပိုင်းအလှကလည်း မနက်ခင်းအလှနှင့်တစ်ဘာသာစီလှ၏။မတူကွဲပြားစွာလှပ၏။ တစ်ဖြည်းဖြည်းဝေး၍ကျန်ရစ်သော ထမံသီသည် မမေ့နိုင်စရာမြင်ကွင်း။ အပြန်လမ်းရှိ တစ်ချို့နေရာများတွင် သဲသောင်ပေါ်မှ အိမ်ပြန်လမ်းဆီ ဦးတည်နေသည့် ကျွဲ၊နွားအုပ်များ၊ တစ်ချို့နေရာများတွင် အပေါင်းအဖော်များနှင့်အိပ်တန်းပြန် ငှက်များ ….. အိုမမေ့ရက်နိုင်ပါပေပြီ သလ္လာဝတီ။
နန်းဆိုင်လောဝ် ရေးသားသည်။