
မေ ၂၃ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းတချို့မှာ နိုင်ငံတော်က ထောက်ပံ့တဲ့ မူလတန်းအတွက် ကျောင်းဝတ်စုံ နဲ့ သင်ရိုးညွှန်းတမ်းဖတ်စာအုပ်တွေဟာ လေးနှစ်ဆက်တိုက် မရရှိတဲ့ကျောင်းများစွာရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ မြို့နယ်ကဘာမှ မလုပ်ပေးဘူး။ ဒီပြင် တစ်နိုင်ငံလုံးက ကျောင်းတွေတော့ဗျာ ဝတ်စုံတွေပေး၊ စာအုပ်တွေပေးပေါ့။ မနှစ်ကလည်း စာအုပ်ဆိုရင် သေနတ်မှန်ပြီးသားတွေတို့ ၊ ရေစိုတာတွေလို့ အများကြီးပျက်စီးပြီးတော့ ကျွန်တော်တို့ သွားထုတ်တာကိုး။ ဒီနှစ်ကတော့ မရလောက်ဘူးလား ၊ ရမလားမသိဘူး။ ကျောင်းအုပ်ပြောတာကတော့ မရနိုင်ဘူးတဲ့ ။ ဘာမှ မရှိသေးဘူးဆိုတော့”လို့ ကျောင်းကော်မတီဝင်တစ်ဦးကပြောပါတယ်။
မေလ ၂၂ ရက်နေ့စတင်ပြီး ကျောင်းအပ်စတင်လက်ခံနေပြီးဖြစ်သော်လည်း အခမဲ့ထောက်ပံ့တဲ့ ကျောင်းသုံး ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာတွေ တစ်ခုမှမရရှိကြောင်း သိရပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲက စာသင်ကျောင်းတချို့ကိုလည်း ပညာရေးဝန်ကြီးက ထောက်ပံ့ရာမှာလည်း သင်ရိုးညွှန်းတမ်း ဖတ်စာအုပ် ၆ အုပ်မှာ ၄ အုပ်သာ ရရှိတဲ့ ကျောင်းတွေလည်းများစွာရှိနေတယ်လို့သိရပါတယ်။
“ ဖတ်စာအုပ်ဆိုရင်လည်း ၆ အုပ်ဆိုရင်လည်း ၄ အုပ်ပဲရတယ်။ ဘယ်လိုဖြတ်တောက်တာလည်းမသိဘူး” လို့ သူက ဆက်ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ သင်ရိုးညွှန်းတမ်းစာအုပ်တွေဟာ ၆ ဘာသာအတွက် တစ်စုံကို တစ်သိန်းကျပ်မှ တစ်သိန်းခွဲကျပ်အထိ စျေးပေါက်နေတယ်လို့လည်း ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။
ဗလာစာအုပ်တွေကို ဟုမ္မလင်းမြို့ပေါ်ရှိစျေးတွေနဲ့ နမ့်တော ၊ နောင်ပိုအောင် စျေးတွေမှာ ဝယ်ယူရရှိနိုင်တယ်လို့ ဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကျောင်းသား/သူ နှစ်စဉ် သုံးသောင်းဝန်ကျင်ရှိနေပြီး ဆရာ/မတွေအပါအဝင် သင်ထောက်ကူပစ္စည်းနဲ့ အခမဲ့ ထောက်ပံ့မှုတွေ လုံလောက်မှုမရှိကြောင်း သိရှိရပါတယ်။
