
မေ(၂၈) ၊ နေပြည်တော်
လာမယ့် (၅)နှစ်အတွင်းမှာ ထာဝရငြိမ်းချမ်းရေးရရှိအောင် ရည်မှန်းချက်ထားပြီး လုပ်ဆောင်သွားမယ်လို့ မနေ့က နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ သမ္မတဦးမင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကနေ အစိုးရအဖွဲ့စတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကစပြီး ရက်(၁၀၀)အတွင်းငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် လက်နက်ကိုင်အဖွဲ့ တို့ကို ဖိတ်ခေါ်ခဲ့ကာ လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)အချို့နဲ့ ဆွေးနွေးဆောင်ရွက်မှုများရှိနေတယ်လို့ သိရပါတယ်။
အဖွဲ့ခေါင်းဆောင်များနှင့်သာမက အောက်ခြေအဆင့်အထိ ဆွေးနွေးထိတွေ့မှုတွေ ပြုလုပ်နေတယ်လို့ဆိုထားပေမယ့် အဖွဲ့အမည်တွေတော့ ထုတ်ဖော်ပြောပြထားခြင်းမရှိပါဘူး။
ပြည်တွင်းမှာ နိုင်ငံရေး၊လုံခြုံရေးနဲ့စီးပွားရေးတွေဟာ အားနည်းမှုများဖြစ်ပေါ်နေတာကို သူက ဝန်ခံပြောဆိုခဲ့ပြီး ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့တွေအနေနဲ့လည်း အမြင်ကျယ်ကျယ်တွေးခေါ်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒီလို ဒေသအသီးသီးမှာ အားနည်းချက်များရှိနေမှုကို ပြန်လည်ကောင်းမွန်နိုင်ရန်အတွက် ယခုနှစ်ကျန်ရှိနေသေးတဲ့ (၆)လတာကာလအတွင်းမှာ တိုးတက်အောင်ပြုလုပ်ဖို့လိုကြောင်း ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့ကတော့ နိုင်ငံရေးပြဿနာတွေကို လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဆွေးနွေးမှုတွေဖြေရှင်းသွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ၎င်းတို့အဖွဲ့ရဲ့နှစ်ပတ်လည်အစည်းအတွင်း ဥက္ကဌက ပြောထားပါတယ်။
စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်မှုတွေကို ချင်းအမျိုးသားတပ်ဦး(CNF/CNA) ၊ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ အချို့တိုင်းရင်းသားသားလက်နက်ကိုင်များနဲ့ တော်လှန်ရေးတပ်ဖွဲ့များက ငြင်းဆိုထားပြီး ဒီဖိတ်ခေါ်မှုဟာ အစစ်အမှန်မဟုတ်ဘူးလို့ ဝေဖန်ပြောဆိုမှုတွေရှိနေကြတာပါ။
