မတ်၁၇၊တောင်ကြီး
ရှမ်းပြည်တွင်းက တရားမဲ့သတ်ဖြတ်ခံနေရမှုတွေကို အမှန်တရားနဲ့တရားမျှတမှုပေါ်ပေါက်စေလိုတယ်လို့ရှမ်းအရပ်ဘက်အဖွဲ့အစည်း (၁၅)ဖွဲ့က မတ်လ၁၆ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်တောင်ပိုင်းမိုင်းကိုင်မြို့နယ်ကမိုင်းနုမ်ဟန်နဲ့မိသားစုအသတ်ခံလိုက်ရတဲ့ကိစ္စမှအစပြုပြီးတော့တခြားရှမ်းပြည်အတွင်းမှာရဟန်းနဲ့တက်ကြွလှုပ်ရှားသူတွေတရားမဲ့သတ်ဖြတ်ခံရတာတွေကိုစုံစမ်းစစ်ဆေးဖော်ထုတ်စေလိုတယ်လို့ဆိုပါတယ်။
“ တရားမျှတမှုပျောက်ဆုံးနေတဲ့ ကျွန်တော်တို့ရဲ့ ရှမ်းပြည်ထဲက ရှမ်းပြည်သားတွေပဲပေါ့နော်၊ ကျွန်တော်တို့တွေ လူတွေလို့ဖြစ်တဲ့အခါမှာ လူတိုင်းကတန်ဖိုးရှိပါတယ်။အသက်တိုင်းကတန်ဖိုးရှိပါတယ်။ ဒီအဖြစ်မှန်တွေအားလုံးပေါ်ပေါက်စေချင်တယ်။ မိုင်းနုမ်ဟန်ကိစ္စလည်းပါမယ်။ တခြားသော မိုင်းနုမ်ဟန်အရှေ့ကကိစ္စလည်းပါမယ် အခုထိအမှုမှန်မပေါ်နိုင်သေးတဲ့အရာပေါ့နော် ၊ ကျွန်တော်တို့လည်းစိတ်မကောင်းဘူး အမှုမှန်ပေါ်စေချင်တယ်” လို့ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့တဲ့အဖွဲ့တွေရဲ့ ပြောဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်ခေး ပြောပါတယ်။
ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီးလူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်းလုံးဝမပြုလုပ်ဖို့လေးလေးနက်နက်တောင်းဆိုထားပါတယ်။
သဘောထားကြေညာချက်မှာရှမ်းကျောင်းသားများသမဂ္ဂ၊ရှမ်းလူငယ်(ရန်ကုန်)၊ကျွန်းတစ်ထောင်ဖောင်ဒေးရှင်း၊ကမ္ဘာ့ရှမ်းလူမျိုးများကွန်ရက်၊ဂျပန်၊တောင်ကိုးရီးယား၊ထိုင်း၊ဒိန်းမတ်၊နော်ဝေ၊ဗြိတိန်က ရှမ်းလူငယ်နဲ့အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်ထုတ်ပြန်ထားခဲ့ကြပါတယ်။