


အောက်တိုဘာ ၁ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲပြီးသွားခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲအခြေအနေကြောင့် တစ်ပတ်ကျော်အတွင်း ကျေးရွာသုံးခုထက်မနည်း စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေထံကနေ သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့မှာ ဗန်းမောက်မြို့နယ် အနောက်ခြမ်းဒေသရှိ အနောက်ကုန်းကျေးရွာဆီကို ပင်ဟင်းခါးကျေးရွာအုပ်စု ခိုပြင်ကျေးရွာသားတွေ စစ်ဘေးတိမ်းရှောင်ရောက်ရှိနေကြတယ်လို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်နေသူတစ်ဦးက ပြောပါတယ်။
“ ခိုပြင်ရွာက အစကတော့ မရှောင်ဘူး။ တောထဲမှာတွေနေကြတာ။ တစ်ရက်နှစ်ရက်လောက် အေးသွားတဲ့အခါကျတော့ ဟိုဘက်က သုံးလုံး(KIA+PDF) တွေက သူတို့တွေက ပြန်ဝင်လို့ရတယ်ဆိုတာနဲ့ ပြန်ဝင်ခဲ့ကြတယ်တဲ့ ။ နောက်တော့ ခိုပြင်နဲ့ ရွှေကျောင်းနားမှာ ပြန်တိုက်ကြပြန်တော့ အဲ့မှာ ရွာသွားတွေက ပြန်ပြေးကြရတာပါ့ ” လို့ သူက ပြောပြပါတယ်။
ခိုပြင်ကျေးရွာကဒေသခံတွေဟာ ကျေးရွာအနီးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ KIA+PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားချိန်မှာ တောတောင်ထဲမှာ တစ်ပတ်နီးပါးကြာ စစ်ဘေးတိမ်းရှောင်ခဲ့ကြတာလို့သိရပါတယ်။
မနေ့ကစလို့ ခိုပြင်ကျေးရွာကို SNA က ထိန်းချုပ်ပြီးနောက် ကျေးရွာသားတွေကို ဗန်းမောက်မြို့က စစ်ဘေးရှောင်တွေရှိတဲ့ ကျေးရွာတွေဆီ ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ခိုပြင်ကျေးရွာနဲ့ တစ်မိုင်အကွာက ရွှေကျောင်းကျေးရွာဒေသခံတွေဟာလည်း စက်တင်ဘာလကုန်မှာ မံပင်ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်ရောက်ရှိနေတယ်လို့ သိရပါတယ်။
အဲ့ဒီရွှေကျောင်းကျေးရွာအနီးမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် SNA ထိန်းချုပ်ဒေသထဲသို့ စစ်ဘေးရှောင်သူတချို့ ဒရော့ဗုံးသီးကျည်တွေရဲ့ ထိိခိုက်မှုတွေရှိခဲ့တယ််လို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
“ အသက် ၆၀ ဝန်းကျင်လောက်ရှိကြမယ် လင်မယားနှစ်ယောက်စလုံးထိတယ်။ မိန်းမက ခြေထောက်ထိတယ်။ ယောကျာ်းက ရင်ဘက်တွေ မျက်လုံးတွေကိုထိတယ်။” လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောပြပါတယ်။
၎င်းတို့နှစ်ဦးကို စစ်ဘေးရှောင်ကူညီသူတွေက ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်သူ ထောင့်ငါးရာဝန်းကျင်က ဗန်းမောက်မြို့အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းရှိတဲ့ အရှေ့ကုန်း၊ မင်းကုန်းကျေးရွာ တွေကို စက်တင်ဘာလ နောက်ဆုံးအပတ်ထဲမှာ ရောက်ရှိခဲ့ကြတာလည်းဖြစ်ပါတယ်။
ဗန်းမောက်မြို့ကို NUG က တိုက်ခိုက်သိမ်းပိုက်ပြီး တစ်ပတ်ကျော်ကြာသည်အထိ မြို့ထဲဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲဖြစ်သလို မြို့အနီး ၂ မိုင်ဝန်းကျင်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလာနေတာလည်းဖြစ်ပါတယ်။
