
သြဂုတ်(၂၀)၊ ဝမ်ဟိုင်း
ရှမ်းပြည်နယ် ဝမ်ဟိုင်းဒေသကနေ ရခိုင်ပြည်နယ်ကို တင်ပို့မယ့် စိတ်ကြွရူးသွပ််ဆေးပြား (၂၄) သန်းကျော်ကို မကွေးနဲ့မန္တလေးမြို့တို့မှာ စစ်တပ်က ဖမ်းဆီးရမိခဲ့တယ်လို့ မနေ့က သြဂုတ်(၁၉)ရက်နေ့မှာထုတ်ပြန်လာပါတယ်။
ကျပ်(၃၆) ဘီလီယံကျော်တန်ဖိုးရှိတဲ့ ဒီဆေးပြားတွေကို သြဂုတ်လ(၁၂)ရက်နေ့ကနေ ကွင်းဆက်လိုက်လံဖမ်းဆီးခဲ့ရာ အရောင်းအဝယ်ပြုလုပ်သူ (၁၇)ဦးရှိတဲ့အထဲ ကူးသန်းသယ်ယူသူ (၉)ဦးကိုသာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဝမ်ဟိုင်းရှိ အဓိကဖြန့်ဖြူးသူ (၁)ဦးနဲ့ ဝယ်ယူသူ ရခိုင်ပြည်နယ်က (၂)ဦးတို့ အပါအဝင် ငွေကြေးစီးဆင်း လွှဲပြောင်းပေးသူ(၅)ဦးနဲ့ စုစုပေါင်း(၈)ဦးတို့ကိုတော့ ရှာဖွေနေဆဲလို့ ဆိုထားပါတယ်။
ဦးစွာ သြဂုတ်(၁၂)ရက်နေ့မှာ ရှမ်းပြည်နယ်ကနေ ရခိုင်ပြည်နယ်ကို ဆေးပြားပို့ဆောင်ဖို့လာရောက်သူ(၂) ဦးကို မကွေးတိုင်းက မင်းလှမြို့နယ်လမ်းပိုင်းမှာ ကနဦးဖမ်းဆီးခဲ့မိတာဖြစ်ကြောင်း သိရပါတယ်။
ဒီ(၂)ဦးရဲ့ထုတ်ဖော်မှုကနေ နောင်ချို့မြို့နယ်မှာ (၁)ဦး၊ မန္တလေးမြို့မှာ (၅)ဦးနဲ့ ရန်ကုန်မြို့မှာ (၁)ဦးတို့ကို စိတ်ကြွဆေးပြားတွေနဲ့အတူ ဆက်စပ်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
အခုမူးယစ်ဆေးတွေကို ရှမ်းပြည်နယ်ကနေ မန္တလေးတိုင်း၊မန္တလေးမှ မကွေးတိုင်း ၊မကွေးကနေ ရခိုင်အထိ အဆင့်အဆင့်ဖြတ်သန်းသယ်ဆောင်ရောင်းဝယ်နေတာဖြစ်ပြီး လမ်းပိုင်းစစ်ဆေးရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီးလည်း ဝေဖန်မှုတွေရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်ကမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မှ မန္တလေး ၊ မန္တလေးမှ စစ်ကိုင်းတိုင်းအထက်ပိုင်းကလေးမြို့ကနေ ချင်းပြည်နယ်၊ အဲကနေ တဆင့် ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ ဘက်ကို ရောင်းဝယ်မှုပြုလုပ်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မူးယစ်ဆေးအများဆုံးဖမ်းဆီးရမိမှုထဲ စိတ်ပြောင်းဆေးဝါးတွေဖြစ်တဲ့ အိုက်စ်၊Happy Water၊ K ၊ E တို့ဖြစ်ပြီး ဖမ်းဆီးရမိမှုရဲ့ ရာခိုင်နှုန်း(၈၀)ကျော်ဖြစ်သလို WY ဆေးပြားကလည်း နေရအနှံ့အပြားမှာရှိနေတယ်လို့ ISP Myanmar ကဆိုထားပါတယ်။
