
နိုဝင်ဘာ ၁၂ ၊ တောင်ကြီး
ရှမ်းပြည်နယ် တောင်ပိုင်းဒေသတွေဖြစ်တဲ့ တောင်ကြီး၊ကလော၊ ညောင်ရွှေ ၊ရပ်စောက် ၊ပင်လောင်း ၊ပင်လုံစတဲ့ မြို့နယ်တွေအပြင် နေရာအများအပြားမှာ မိုးအဆက်မပြတ် ရွာသွန်းမှုတစ်ပတ်နီးပါး ကြာမြင့်လာပြီလို့ ဒေသခံများထံမှ သိရပါတယ်။
အနိမ့်ပိုင်းဒေသနဲ့ မြို့တွေအတွင်းမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး အရေးပေါ်ပြောင်းရွှေ့ရမှုတွေပြုလုပ်နေရတာလည်း ဖြစ်ပါတယ်။
“မိုးတွေ ဆက်တိုက်ရွာတော့ တောင်ကြီးအောက်ဘက် အောင်ပန်းတို့ ညောင်ရွှေတို့ဘက်မှာ ရေနစ်နေတယ်ရော ၊ တောင်ကြီးမြို့မှာတော့ လမ်းပေါ်ရေကျော်တာတွေတော့ရှိတယ် အရင်တစ်ပတ်စနေ ၊တနင်္ဂနွေကတည်းက စရွာခဲ့တာလေမိုးက ” လို့ တောင်ကြီးမြို့အတွင်း နေထိုင်သူ အမျိုးသားတစ်ဦးက အခုလိုပြောပြပါတယ်။
ညောင်ရွှေမြို့အတွင်းမှာ ဒီနေ့မနက်ပိုင်းက စပြီး တောင်ကျရေဝင်ရောက်မှုများပြားတာကြောင့် အချို့နေအိမ်နဲ့ လမ်းမတွေပေါ်မှာ ရေလွှမ်းနစ်မြှုပ်နေတာဖြစ်ပြီး အမြင့်ပိုင်းရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၂၀ ကျော်က ပြောင်းရွှေ့နေနေရကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
နောက်ထပ် ကလောမြို့နဲ့ မြို့နယ်အတွင်းရှိ အောင်ပန်း ၊ဟဲဟိုး မြို့တို့မှာလည်း ရေဝင်ရောက်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံများက ဆိုကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ရွှေညောင်၊ ညောင်ရွှေ၊ ရပ်စောက်၊ နမ့်စန်နဲ့ မောက်မယ်မြို့တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ ရှမ်းပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။
မနေ့က နိုဝင်ဘာ ၁၁ ရက်အထိ ရေဘေးသင့်အိမ်ထောင်စု ၄၂၄ စု နဲ့ လူဦးရေ ၁,၇၃၃ ဦးကို ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရှိထားတယ်လို့ဆိုပါတယ်။
ရေတိုက်စားမှုတွေကြောင့် ပင်းတယ-ရွာငံလမ်း မြေပြိုမှုဖြစ်ပွားကာ ဖြတ်သန်းလို့မရတော့ကြောင်း သိရသလို လဲချား–ပင်လုံ–လွိုင်လင်–မိုင်းပွန်–တောင်ကြီး ပြည်ထောင်စုလမ်းပိုင်းမှာလည်း ရေကျော်မှုတွေ ဖြစ်ပွားကာ ယာဉ်တွေဖြတ်သန်းသွားလာရခက်နေတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြထားကြပါတယ်။
ဒါ့အပြင် ဒီဒေသတွေအပြင် မိုင်းပွန်၊ လွိုင်လင်၊ လဲချား၊ မိုးနဲ ၊မိုင်းရှူး ဒေသတို့ရှိ လယ်ယာစိုက်ပျိုးမြေတို့မှာ ရေလွှမ်းမိုးမှုခံစားနေရတယ်လို့ ရှမ်းသံတော်ဆင့်က ဆိုထားပါတယ်။
မိုးလေဝသပညာရှင်တွေရဲ့ ခန့်မှန်းမှုတွေမှာတော့ အခုမြန်မာန်ိုင်ငံအလယ်ပိုင်းနဲ့ ရှမ်းပြည်နယ်တေင်းပိုင်းရှိ မိုးရွာသွန်းမှုဟာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရပ်တန့်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
