
နိုဝင်ဘာ ၁၃ ၊ နေပြည်တော်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက် (၄၃) ချက် ကို ပြင်ဆင်နိုင်ဖို့ လေ့လာသုံးသပ်ရေးနဲ့ ဥပဒေမူကြမ်းပြုစုရေးအတွက် ပူးပေါင်းကော်မတီ တစ်ခုကို နိုဝင်ဘာ (၁၂) ရက်နေ့မှာ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
အဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃၈ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦးပါဝင်ထားပါတယ်။
ဥက္ကဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင် ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ဦးဆောင်မှာလည်း ဖြစ်ပါတယ်။
ပြင်ဆင်သင့်တဲ့ အချက် ၄၃ ချက်တွေက ပုဒ်မ ၄၃၆ (က)နဲ့ သက်ဆိုင်တဲ့ အချက် ၁၆ ချက်၊ ပုဒ်မ ၄၃၆ (ခ) နဲ့ သက်ဆိုင်တဲ့ အချက် ၂၇ ချက် တွေ ပါဝင်တယ်လို့ သိရပါတယ်။
ပုဒ်မ ၄၃၆ (က) ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲ နဲ့ ပြည်သူလူထုအတွင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ သဘောတူညီမှုဆန္ဒမဲ ထက်ဝက်ကျော် ရမှ ပြင်ဆင်လို့ရမှာ ဖြစ်ကြောင်း ဥပဒေမှာ ပါရှိပါတယ်။
ပုဒ်မ ၄၃၆ (ခ) ကိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲ နဲ့ဘဲ ပြင်ဆင်လို့ရပါတယ်။
ဘယ်လိုဆိုဆို ဒီအချက်တွေကို ပြင်ဆင်ချင်တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ရဲ့ ထောက်ခံမဲ ရရှိဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကော်မတီက ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁) ၊(၂) ၊(၃) အချက်တွေနဲ့ ပတ်သက်ပြီးလည်း လေ့လာသုံးသပ်ရေးနဲ့ ဥပဒေကြမ်းပြုစုဖို့လည်း ပါဝင်ပါတယ်။
ကော်မတီရဲ့ တာဝန်က ၁၁ ရပ်ရှိပြီး လေ့လာသုံးသပ်ချက်နဲ့ တင်ပြချက်အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ထံ မတင်ပြမီ လျှို့ဝှက်ထားရမှာဖြစ်သလို ကော်မတီရဲ့သက်တမ်းက ဖွဲ့စည်းချိန်ကနေ အစီရင်ခံစာတင်ပြပြီးအချိန်ထိ ဖြစ်ကြောင်း သိရပါတယ်။
အခု ပြင်ဆင်ဖြည့်စွက်မယ့်အချက်တွေကို ၂၀၂၂ ခုနှစ်ကနေ သုံးနှစ်အတွင်း NSPNC နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်( ၇)ဖွဲ့ ၊ မထိုးရသေးတဲ့ ၃ ဖွဲ့ နဲ့ ၂၈ ကြိမ် တွေ့ဆုံမှု ၊နိုင်ငံရေးပါတီ အစုအဖွဲ့များ နဲ့ ၁၄ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့မှုတွေကနေ ရခဲ့တဲ့ သဘောတူညီမှု တွေဖြစ်တယ်လို့ ဆိုထားပါတယ်။
