အရွယ်ရောက်ပြီးသူတိုင်း “စစ်ပညာမသင်မနေရ” ဥပဒေ လိုအပ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဆို

နိုဝင်ဘာ ၂၀ ၊ ချင်းမိုင် 

အရွယ်ရောက်ပြီးတဲ့သူတိုင်းဟာ စစ်ပညာမသင်မနေရ ဥပဒေမျိုးကို  လိုအပ်နေတယ်လို့   အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မနေ့က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ပြောပါတယ်။ 

NUG ကာကွယ်ရေးဝန်ကြီးဌာန  လှုမှုကွန်ရက်စာမျက်နှာကနေ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ 

“စစ်မှုမထမ်းမနေရ ဥပဒေ” ကျင့်သုံးဖို့ မလိုအပ်ပေမယ့် “စစ်ပညာမသင်မနေရ ဥပဒေ” ကို  ပြဋ္ဌာန်းကျင့်သုံးဖို့ လိုအပ်နိုင်တယ်လို့ ဦးရည်မွန်က ပြောထားတာပါ။

ဒီစနစ်ဟာလူတိုင်းကစစ်ပညာကိုတတ်မြောက်ပြီး  စစ် နဲ့ မစိမ်းတော့သလို    စစ်မဟာဗျူဟာ နဲ့ အကျွမ်းတ ဝင်ရှိတဲ့ တိုင်းပြည်တပြည်ထူထောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့  ဒီဥပဒေကို လိုက်နာစရာမလိုဘူးလို့ NUG ဘက်က အတိအလင်း ထုတ်ပြန်ပြောဆိုခဲ့ပါသေးတယ်။

NUG  အပြည့်အဝထိန်းချုပ်မြို့နယ်တစ်ခုဖြစ်တဲ့ ပင်လည်ဘူးမြို့နယ်မှာလည်း စစ်မှုထမ်းဖို့အတွက် ကျေးရွာတစ်ရွာကို ၂ ဦးနှုန်းနဲ့ ဆင့်ခေါ်မှုတွေဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ  စတင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ နှစ်လပိုင်းလောက်မှာ ပထမက တအုပ်စုကို ၂ ယောက်နှုန်း ၊ အခုတကြိမ်က တစ်ရွာတစ်ယောက်နှုန်း မ ရတဲ့ရွာက လူငှားတယ်။  သိန်း150 အထိပေးရတယ်အနည်းဆုံးလူငှားရင်” လို့ ပင်လည်ဘူးဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းက NUG စိုးမိုးထားတဲ့ မြို့နယ်တွေမှာလည်း ဒေသခံတွေဟာ စစ်မှုထမ်းဖို့အတွက် စုဆောင်းရေးဆွဲတာ၊ ရွာတွေကို အလှည့်ကျကောက်ခံတဲ့စနစ်တွေရှိတယ်လို့ သိရပါတယ်။ 

မြန်မာစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကိုတော့  ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းပြီလို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း စစ်မှုထမ်းအပတ်စဉ် စုဆောင်းခဲ့ရာကနေ အခုနှစ်အောက်တိုဘာအထိ  အပတ်စဉ်  (၂၉)  ရောက်ရှိလာခဲ့ပြီဖြစ်ပြီး လူပေါင်း တစ်သိန်းသုံးသောင်းကျော်အထိ စုဆောင်းထားနိုင်တယ်လို့ ISP Myanmar ရဲ့ စာရင်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *