TNLA ထိန်းချုပ်မြို့နှစ်ခုကို စစ်တပ်က လေကြောင်းဖြင့် တစ်ရက်တည်းကြဲချခဲ့ 

စစ်ဘေးရှောင်များထိခိုက်သေဆုံးခဲ့

အောက်တိုဘာ ၂ ၊ နမ္မတူ

တအာင်း(ပလောင်)တပ် TNLA  ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ကို စစ်တပ်က  လေကြောင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီနေ့အောက်တိုဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာ နမ္မတူမြို့ ပေါ်မှာ  (၁)လုံး နဲ့ မန်တုံမြို့မှာ  (၄)လုံး  ကြဲချတိုက်ခိုက်ခဲ့တာလို့ TNLA က ထုတ်ပြန်ပြောဆိုထားပါတယ်။ 

TNLA ရဲ့ ထုတ်ပြန်မှုအရ  နမ္မတူမြို့ပေါ်  ပုဗ္ဗာရုံဘုန်းကြီးကျောင်းအနီးမှာ ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်တာကြောင့် အမျိုးသား (၁)ဦး၊  အမျိုးသမီး (၃)ဦးသေဆုံးသွားခဲ့သည့်အပြင် ကလေးငယ် (၁)ဦး၊ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ထိခိုက်သေဆုံးသူတွေဟာ ကျောက်မဲမြို့နယ်က တိုက်ပွဲတွေကြောင့် နမ္မတူမြို့နယ်ဘက် စစ်ရှောင်လာသူထဲက  ၃ ဦးသေဆုံးခဲ့ပြီး ကလေးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် လူနေအိမ် ၈လုံးလည်းထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။

နမ္မတူမြို့ကို TNLA  ထိန်းချုပ်ပြီးနောက် စစ်ကော်မရှင်က ပထမဆုံးအကြိမ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံများဆိုပါတယ်။ 

ဒါ့အပြင် မိုးကုတ်မြို့အနောက်ပိုင်းတွင် ပြီးခဲ့တဲ့ရက်ပိုင်းက အလားတူ စစ်တပ်က  လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ နေအိမ် ၁ လုံး လည်းပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။ 

စက်တင်ဘာလအတွင်းမှာ TNLA ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်ရဲ့ လေကြောင်း ၊ လက်နက်ကြီး နဲ့ ဒရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၁၄ ကြိမ်ရှိခဲ့တယ်လို့ TNLA ကဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *