


အောက်တိုဘာ ၆ ၊ မန္တလေး
ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ရှေးဟောင်းပုရပိုက် ဗုဒ္ဓဓမ္မစာပေများ ရွတ်ဖတ်ပူဇော်ပွဲကို သီတင်းကျွတ်လပြည့်နေ့ ( ဒီနေ့ အောက်တိုဘာလ ၆ ) ရက်နေ့မှာ မန္တလေးမြို့ ဓမ္မသိရောမဏိဟောင်ပါးကျောင်းတိုက်မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
နှစ်ပေါင်း နှစ်ရာကျော် သက်တမ်းရှိတဲ့ပုရပိုက်တွေထဲက ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ စာပေတွေကို အဓိက ရွတ်ဖတ်တာဖြစ်တယ်လို့သိရပါတယ်။
“ အခုလို စစ်ဖြစ်နေတဲ့ကာလမှာ ဦးဇင်းတို့ရဲ့ ရှမ်းနီစာပေတွေဟာ တော်တော်လေးကို တိမ်ကောနိမ့်ပါးခဲ့တယ်။ လုပ်လို့ရတဲ့ဟာကို ဦးဇင်းတို့ကြိုးစားပြီးလုပ်သွားဖို့ရှိတယ်။မပျောက်မပျက်သွားအောင်။ ရှေးဟောင်းရှမ်းနီပုရပိုက်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းမြောက်များစွာကရှိခဲ့တဲ့ စာပေဖြစ်ပါတယ်။ အခု သင်နေတဲ့ ရှမ်းနီစာပေဆိုတာ ရှေးဟောင်းစာပေကနေ ဆင်းသက်လာခဲ့တာဖြစ်ပါတယ်။ အရင်တုန်းကစာပေတွေကိုလည်းပစ်ပယ်လို့မရဘူး။ ခေတ်သစ်စာပေတွေကိုလည်း ပြန့်ပွားအောင်လုပ်ရမှာ”လို့ ရွတ်ဖတ်ပွဲဖြစ်မြောက်ရေး ဦးဆောင်ဆရာတော် အရှင်ဓမ္မာလောက က မိန့်ကြားပါတယ်။
အခုလိုရွတ်ဖတ်နိုင်ရေးအတွက် ဝါတွင်းသုံးလမှာ ရှေးဟောင်းစာပေလေ့လာသင်ကြားရေးသင်တန်းတစ်ခုဖွင့်လှစ်သင်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ရှေးဟောင်းစာပေပရပိုက်တွေကို လေ့လာနေတဲ့ သုတေသီ အရှင်သီလာနန္ဒက ဦးဆောင်သင်ကြားပြီး ဗန်းမောက်မြို့နယ်နဲ့ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာက သံဃာတော်တွေနဲ့ ကျောင်းသား/သူတွေ နဲ့ တက်ရောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
