
မတ် ၂၆ ၊ ထီးချိုင့်
ထီးချိုင့်-မန္တလေး လမ်းပိုင်းအားလုံးကို စစ်ကော်မရှင်တပ်တွေဟာ မနေ့က မတ်လ(၂၅)ရက်ကစလို့ အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ စစ်တပ်ရဲ့ ဝါဒဖြန့် လူမှုကွန်ရက်တွေက ဖော်ပြလာကြပါတယ်။
မနေ့က မတ်လ ၂၅ ရက်နေ့မှာ ထီးချိုင့်မြို့နယ် မြတောင်ကျေးရွာအထိ စစ်ကြောင်းတွေ စိုးမိုးလိုက်တာဖြစ်ပြီး ဧရာဝတီမြစ်ကူးတံတား(ထီးချိုင့်) ကိုလည်း ပြန်လည်နေရာယူထားလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
“ တကောင်း မှ ထီးချိုင့် ထိုးစစ် တပ်မတော် စစ်ကြောင်းများသည် ထီးချိုင့်တံတား အပါအဝင် မြို့တွင်းရှိ စစ်ကြောင်းများ နဲ့ ချိတ်ဆက်နိုင်ခဲ့ပြီ” လို့ စစ်တပ်ရဲ့ ဝါဒဖြန့်လူမှုကွန်ရက်တွေမှာ ဖော်ပြထားပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းက သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို ပြန်လည်သိမ်းပြီးတဲ့နောက် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာက နီကယ်စက်ရုံစီမံကိန်းနေရာကို ထိုးစစ်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။
နီကယ်စက်ရုံအနီးမှာလည်း တိုက်ပွဲဖြစ်ပွားပေမယ့် စက်ရုံအတွင်းပိုင်းအထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘူး။
တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်တဲ့ နီကယ်စက်ရုံအတွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ဖို့ ကြိုးပမ်းချိန်ကတည်းက အဲဒီစီမံကိန်းနေရာတွေဟာ ထိခိုက်ခဲ့ခြင်းမရှိပါဘူး။
တိုက်ပွဲတွေ နှစ်ပတ်အတွင်းမှာ ထီးချိုင့်မြို့အနီးထိ စစ်ကော််မရှင်ရဲ့ စစ်ကြောင်းတွေက နေရာပြန်လည်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ထီးချိုင့်မြို့နယ်ရဲ့ ဧရာဝတီမြစ်ကမ်းအရှေ့ဘက်ကျေးရွာတွေကို ၂၀၂၄ ခုနှစ်ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးထားတာဖြစ်ပါတယ်။
