ထီးချိုင့် – ကသာ လမ်းပိုင်းကို စစ်ရေးအရယာယီအသုံးမပြုကြရန် NUG ကာကွယ်ရေးဝန်ကြီး စာထုတ်

မေ ၂၅ ၊ မြစ်ကြီးနား

စစ်ကိုင်းဒေသကြီးအထက်ပိုင်းမှာ တိုက်ပွဲများပြန်လည်ပြင်းထန်လာတာကြောင့်  ထီးချိုင့်- ကသာ လမ်းပိုင်းကို အသုံးမပြုကြဖို့  ယာယီပိတ်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီး ခရိုင်ကွပ်ကဲရေးရုံးမှ အသိပေးစာတစ်စောင်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က မေ ၂၄ ရက်နေ့မှစပြီး အသုံးမပြုကြရန် အသိပေးထားပြီး ထီးချိုင့်၊ ကသာ၊ အင်းတော်၊ နဘား၊ မော်လူး နဲ့ နန့်စီးအောင်ကျေးရွာအထိ အသုံးမပြုရန် အသိပေးထားတာပါ။

“လောလောဆယ် ပိတ်တာက ကွင်းလမ်းလေးကနေတော့ နည်းနည်းစီ ဒီနေ့တော့ ဟိုဘက်ဒီဘက်တော့ စမ်းတော့လွှတ်ကြည့်နေတုန်း အခြေနေဆက်သွယ်နေတုန်း” လို့ ခရီးသည်တင် ကားသမားတစ်ဦးက ဆိုပါတယ်။

လမ်းပိုင်းမှာ စစ်တပ်နဲ့ KIA+PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားနေမှုကြောင့် နဘားလမ်းဆုံ အနီးမှာ  ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ် အများအပြားပိတ်မိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ယာယီပိတ်ဆို့ထားတဲ့ ကာလအတွင်း ဒေသန္တရထုတ်ပြန်ချက်အရဟုဆိုကာ စစ်တပ်က ဒေသတွင်းခရီးသွားပြည်သူများကို ရှောဆွဲခြင်း၊ အရပ်သား မော်တော်ယာဉ်များလို အသွင်ဆောင်ပြီး စစ်လက်နက် ခဲယမ်း သယ်ယူပို့ဆောင်ခြင်းတို့ ပြုလုပ်နေခြင်းများကြောင့်လို့  သတိပေးပြောဆိုထားပါတယ်။

သတိပေးချက်ကို မလိုက်နာရင်  NUG ဘက်က တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ကြောင်း နဲ့ အခြေအနေ ပြန်လည်တည်ငြိမ်သွားရင်  လမ်းပိုင်းပြန်ဖွင့်မယ့်ရက်ကို ပြန်လည် ထုတ်ပြန်ပေးမှာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ကသာမြို့နယ်အနီးတစ်ဝိုက်က ကျေးရွာတွေမှာ လက်နက်ကြီးပစ်ခတ်မှုများပြန်လည်ဖြစ်ပွားလာနေတာကြောင့် ဒေသခံတစ်ချို့ရွေ့ပြောင်းမှုတွေရှိနေပြီး တဖန်ပြန်ပြီးတိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ကသာ ၊ အင်းတော် ၊ မော်လူး မြို့တွေကို စစ်တပ်က ပြီးခဲ့တဲ့ မတ်လ အတွင်းမှာ ပြည်လည်ထိန်းချုပ်ထားပြီး မြစ်ကြီးနား-မော်လူး-အင်းတော်-ကသာ-ထီးချိုင့်လမ်းပိုင်းကိုလည်း ပြည်လည်စိုးမိုးထိန်းချုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *