
နိုဝင်ဘာ ၂၇ ၊ မိုးမိတ်
မိုးမိတ်-တွင်းငယ်လမ်းပိုင်းပေါ်က စစ်တပ်စခန်းတွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲအနီးက ကျေးရွာ ငါးရွာထက်မနည်း စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ မိုးမိတ်မြို့နယ် ကင်းချောင်းမှာ တိုက်ပွဲတွေအရမ်းပြင်းထန်နေတယ်၊ ဒေသခံတွေကို သွားခေါ်ထုတ်နေရတယ်” လို့ လီဆူစစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ပြောပါတယ်။
မနေ့က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကင်းချောင်းကျေးရွာအနီးတိုက်ပွဲကြောင့် ဒေသခံတွေက ချောင်းကိုဖြတ်ပြီး မိုးကုတ်မြို့နယ်ဘက်ကို စစ်ဘေးတိမ်းရှောင်လာရသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေကို ကင်းချောင်းတစ်လျှောက်အတိုင်း သွားရောက်ကူညီခဲ့ရပြီး မိုးကုတ်မြို့ စိန်ကုန်းခရစ်ယာန်ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချထားတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ကင်းချောင်း၊ ပေကုန်း၊ ဘော်ဒေ ၊ ကျောက်မော ကဒေသခံတွေဟာ မိုးကုတ်၊ မိုးမိတ်မြို့တွေဘက်ကို စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။
စစ်တပ်စခန်း ၃ ခုကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ သိမ်းပိုက်ရရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး စစ်တပ်ကလည်း အဲ့ဒီဘက်ကို စစ်ကြောင်းပြန်လည်ထိုးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ကင်းချောင်းတို့၊ ဘော်ဒေတို့ဘက်က စခန်းတွေကို PDF တွေက ရသွားတယ်လို့ပြောနေကြတယ်၊စစ်တပ်ကတော့ တိုးဝင်သွားနေတာပဲ”လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
မိုးမိတ်မြို့အနီးဝင်းကျင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းကစလို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။
မိုးမိတ်မြို့နယ်အတွင်းနဲ့ အင်းတော်မြို့နယ်အတွင်းက တိုက်ပွဲတွေမှာ ကိုးကန့်တပ် MNDAA က ပါဝင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
မိုးမိတ်မြို့နယ်ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်က ကျေးရွာတွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက တအောင်း(ပလောင်)တပ်တွေ မိုးကုတ်ကိုလက်လွှတ်ချိန်ကတည်းက ပြန်လည်နေရာယူခဲ့ပြီး စစ်တပ်နဲ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေခဲ့တာလည်းဖြစ်ပါတယ်။
