ဗန်းမောက်မြို့နယ်  နမ့်အော့ကျေးရွာမှာ  ရှမ်းနီ စာပေနှင့် ရိုးရာယဉ်ကျေးမှု ဆရာဖြစ်သင်တန်းဆင်းပွဲ ကျင်းပ

ဇွန် (၂ )ရက်၊ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ နမ့်မားအုပ်စု၊ နမ့်‌အော့ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဖွင့်လှစ်သင်ကြားခဲ့သော တိုင်းလျမ်(သျှမ်းနီ)စာပေနဲ့ ရိုးရာယဉ်ကျေးမှု ဆရာဖြစ်တတ်မြောက်ရေးသင်တန်းကို ဇွန်လ (၂) ရက်နေ့မှာ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့  သိရပါတယ်။

ဒီသင်တန်းကို မေလ (၁၀) ရက်နေ့မှာ  စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မံစီကြီးဒေသစိတ် တိုင်းလျမ်(သျှမ်းနီ)စာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီမှ ဦးစီးကျင်းပခဲ့ခြင်းဖြစ်သလို ယခုအကြိမ်မှာ တတိယအကြိမ်မြောက် ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

ရွှေတော်မှော် လူငယ်စာပေရုံးတွင် ၂၀၂၄ ခုနှစ်မှာ ပထမအကြိမ်သင်တန်း၊ ဒုတိယအကြိမ်ကို ၂၀၂၅ ခုနှစ်က နောင်ပွတ်ရွှေမှော် မူလွန်စာသင်ကျောင်းတွင်ဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွက် တတိယအကြိမ်ကို နမ့်မားအုပ်စု၊ နမ့်‌အော့ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်  ကျင်းပခဲ့တာဖြစ်ကြောင်း စာပေနဲ့ယဉ်ကျေးမှု တာဝန်ရှိသူများထံမှ သိရပါတယ်။

ဒီသင်တန်းမှာ သျှမ်းနီစာပေ စာမေးပွဲများ ဖြေဆိုရပြီး အောင်မြင်သူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကော်မတီအနေနဲ့ အစိုးရစာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော TA/LA (Teaching Assistant/Language Assistant) ဆရာ၊ဆရာမများနဲ့ ပတ်သက်တဲ့ ကိစ္စရပ်များကို တိုင်းရင်းသားစာပေ၊ယဉ်ကျေးမှုဦးစီးဌာနနဲ့ ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းရှိ တိုင်းရင်းသားဘာသာသင်ဆရာ၊ ဆရာမများဖြစ်တဲ့ TA/LA  တွေက အစိုးရထောက်ပံ့လစာများ မရရှိတာ (၅) နှစ်ဝန်းကျင်ရှိလာပြီဖြစ်ပြီး ကျေးရွာများနဲ့  ရှမ်းနီတပ်ဖွဲ့များရဲ့ ထောက်ပံ့မှုဖြင့် သင်ကြားပေးနေတာဖြစ်ကြောင်း ဆိုကြပါတယ်။

နိုင်ငံရေးအခြေအနေများကြောင့် အချို့အစိုးရစာသင်ကျောင်းများတွင် အစိုးရခန့်အပ်တဲ့ ဆရာ/မများ ပြတ်လပ်နေမှုကြောင့်  တိုင်းရင်းသားဘာသာသင် မော်ဆွန်ဆရာ၊ ဆရာမများကသာ ပညာသင်ကြားရေးလုပ်ငန်းများကို ဆက်လက်တာဝန်ယူ ဆောင်ရွက်ပေးနေရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *