
ဇူလိုင်(၂၁) ၊ မြစ်ကြီးနား
မြစ်ကြီးနားမြို့၊ ရွှေပြည်သာရပ်ကွက်က ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းမှာ ရေထပ်မံနစ်မြှုပ်မှုဖြစ်ပေါ်နေပြီး အိမ်ထောင်စုပေါင်း (၁၂၀) အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရပါတယ်။
“ အရေးကြီးမြေနေရာလိုအပ်နေတယ် ကျောင်းတို့ဆေးခန်းတို့နဲ့ နီးတဲ့နေရာလေးပေါ့ မိုးကအဆက်မပြတ်ရွာနေတာ အခုကယာယီတဲတွေနဲ့ နေနေရတာ ဆုံးရှုံးမှုတော်တော်များတယ်” လို့ စစ်ဘေးရှောင်ကူညီနေသူ တာဝန်ခံဖြစ်သူက အခုလိုပြောပြပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နန်းကွေ့ချောင်းရေကြီးရေလျှံမှုဖြစ်ပွားနေတာဖြစ်ပြီး စခန်းအတွင်း ရေဝင်ရောက်နစ်မြှုပ်နေတာ (၄)ရက်ကြာရှိလာပြီဖြစ်ကြောင်း သိရပါတယ်။
အခုတစ်ခေါက်ရေကြီးရေလျှံမှုဟာ ဆုံးရှုံးပျက်စီးမှုတွေများစွာဖြစ်ပေါ်ခဲ့ပြီး ရေနစ်မြှုပ်နေမှုအပြင် အိမ်သာတွေနဲ့ တချို့စစ်ရှောင်တန်းလျားများလည်း ရေထဲမျှောပါသွားမှုတွေ ရှိနေပါတယ်။
ဒါကြောင့် ပြည်နယ်အစိုးရအဖွဲ့က မနေ့က(ဇူလိုင် ၂၀) မနက်ပိုင်းမှာ စခန်းသို့လာရောက်ကြည့်ရှုပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သလို ရှမ်းတိုက်ပွဲရှောင်ကော်မတီနဲ့ ရှမ်းရေးရာဝန်ကြီးအဖွဲ့ကလည်း ထမင်းထုတ်ပေးဝေကူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရေနစ်မြှုပ်မှုကို နောက်ထပ် ငွေကြေးအကူအညီပေးသူတွေလည်း အနည်းငယ်ရှိနေတယ်လို့လည်း သိရပါတယ်။
အခုစစ်ဘေးရှောင်စခန်းဟာ ရက်ပေါင်း (၂၀)ကျော် တစ်လနီးပါးအတွင်းမှာ ရေနစ်မြှုပ်မှုဖြစ်ပေါ်တာ နှစ်ကြိမ်ရှိလာနေပြီး ပြီးခဲ့တဲ့ ဇွန်(၂၃)ရက်နေ့မှာလည်း ရေကြီးရေလျှံမှု ရက်သတ္တပတ်ကျော်ခံစားခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလမှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် စစ်ရှောင်တွေနေထိုင်တဲ့ အဆောင်(၂၀)ကျော်ပျက်စီးခဲ့ကာ ပြန်လည်ပြုပြင်မှုတွေ အတန်ကြာပြုလုပ်ခဲ့ရပါတယ်။
စစ်ဘေးရှောင်စခန်းတွေဟာ ဝါးထရံနဲ့ မိုးကာများဖြင့်သာ ပြုလုပ်ထားတာဖြစ်သလို အနိမ့်ပိုင်းမှာတည်ဆောက်ထားတာဖြစ်တာကြောင့် လေပြင်းတိုက်ခိုက်မှုနဲ့ ရေတိုက်စားမှုတို့ကို ခံနိုင်ရည်အားနည်းတာဖြစ်ပြီး ပိုမိုခိုင်ခံ့တဲ့တန်းလျားများတည်ဆောက်နိုင်ဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်များထံမှ သိရပါတယ်။
