TNLA နဲ့  NSPNC တို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး အချက်(၆)ချက်သဘောတူညီမှုရ 

နေပြည်တော်တွင် NSPNC နဲ့ TNLA တို့တွေ့ဆုံဆွေးနွေးနေကြစဉ်/ Credit

ဇူလိုင်(၂၀)၊ နေပြည်တော်

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့(၃)ဖွဲ့ထဲက အဖွဲ့ဝင်ဖြစ်တဲ့ တအာင်း/ပလောင် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဟာ မနေ့က ဇူလိုင်(၁၉)ရက်နေ့မှာ စစ်တပ်ရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကနေ  အချက်(၆)ချက်တို့ကို နှစ်ဖက်အဖွဲ့က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး  သဘောတူထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆက်လက်ပူးပေါင်းခြင်း၊ရက်(၁၀၀)ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခြင်း၊ အပစ်ခတ်ရပ်စဲရေး အကောင်အထည်ဖော်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့  အဖြေရှာရေးတို့ ပါဝင်ခဲ့ပါတယ်။

နောက်ထပ် ပညာရေး၊ကျန်းမာရေး၊ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ဟိုင်ဂင်သဘောတူညီချက်တွေကို လိုက်နာရေးနဲ့ ဒေသအတွင်းက ပြည်သူလှုမှုဘဝသက်သာချောင်ချိရေးကိစ္စရပ်တို့လည်း လက်မှတ်ရေးထိုးသဘောတူခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ နှစ်ဦးနှစ်ဖက်တွေ့ဆုံမှု ပထဆုံးအကြိမ်အဖြစ် PSLF / TNLA  ဒုတိယဥက္ကဌ တားဂျုတ်ဂျားနဲ့အဖွဲ့ဝင်တွေက  ဗိုလ်ချုပ်ရာပြည့်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ထံ လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။

PSLF/TNLA က ၎င်းတို့စိုးမိုးဒေသမှာ လက်ရှိမှာ တိုက်ပွဲတွေရပ်တန့်ပြီး တည်ငြိမ်အေးချမ်းမှုရှိနေကြောင်းလည်း ပြောထားပြီး လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အားရတယ်လို့ ဆိုပါတယ်။

TNLA ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာကနေစတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇  စစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး ဒီစစ်ဆင်ရေးမှာ စစ်အာဏာရှင်အမြစ်ပြတ်ရေးလည်း ပါဝင်ခဲ့ပါတယ်။

၁၀၂၇ အပိုင်း(၁)နဲ့ အပိုင်း(၂)ကနေ သူတို့အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့(၁၂)တို့ကို သိမ်းယူခဲ့ကာ တရုတ်ရဲ့ကြားဝင်မှုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာမှာအပစ်ရပ်ခဲ့ပြီး (၅)မြို့ကို စစ်တပ်ထံ  ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ဒီနေ့အချိန်ထိ သူတို့အဖွဲ့က နမ့်ဆန်၊မန်တုံ၊နမ္မတူ၊နမ့်ခမ်း၊မိုင်းငေါ့နဲ့မိုင်းလုံမြို့တို့ကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ 

လာမယ်(၅)နှစ်အတွင်း ထာဝရငြိမ်းချမ်းရေးရအောင်ကြိုးပမ်းသွားမယ်လို့ ဦးမင်းအောင်လှိုင်က ပြောဆိုထားပြီး UWSA၊ NDAA၊ SSPP၊ အခု TNLA တို့နဲ့ ဆွေးနွေးထားပြီးဖြစ်သလို အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်းအလွတ်သဘောဆွေးနွေးရေးပြုလုပ်ခဲ့တာတွေရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *