
သြဂုတ်(၂၈) ၊ မိုးညှင်း
မိုးညှင်းမြို့နယ်မှာ ရက်သတ္တပတ်ကျော်အတွင်း ဆန်စျေးနှုန်းသိသိသာသာထိုးတက်လာပြီး ဆင်းဧကရီ-၃ (အရပ်အခေါ်) ချင်း-၃ (ဆင်း-၃) တစ်အိတ်ကို ကျပ် တစ်သိန်းခုနှစ်သောင်းကျော်အထိ ဝယ်ယူနေရတယ်လို့ မြို့ခံများထံမှ သိရပါတယ်။
“ ဆန်စျေးက (၁၇၀၀၀၀)ကျော် စစချင်းတုန်းက (၉)သောင်းကျော်ကနေ (၁၂၀၀၀၀) အဲလိုနဲ့ (၁၃၀၀၀၀) အဲကနေ တစ်သောင်းစီတက်တက်လာတာ အခု (၁၇၂၀၀၀) ရောက်နေပြီ” လို့ မြို့ပေါ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီ ဆင်း-၃ ဆန်အမျိုးအစားထဲမှာမှ ဆင်း-၃ ရိုးရိုး၊ ဆင်း-၃ ရှယ်နဲ့ ဆင်း-၃ ရှယ်ကြီး ဆိုပြီး(၃)မျိုးရှိတဲ့အထဲ ရိုးရိုးဆန်ကိုလည်း တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာသလို အခု (၂)သိန်းနီးပါးဆန်က “ရှယ်”အမျိုးအစား ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အထိက ဆန်တစ်အိတ်ကို လေးသောင်းကျပ်ခန့်သာ အမြင့်ဆုံးရောင်းချခဲ့တာဖြစ်ပြီး အခုနှစ်တွေအတွင်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ အခွန်တွေကြောင့် စျေးနှုန်းကြီးမြင့်လာတာဖြစ်တယ်လို့ အရောင်းဆိုင်များက ဆိုကြပါတယ်။
မိုးညှင်းမြို့အနီးတစ်ဝိုက်ရှိ စပါးစိုက်ပျိုးတဲ့ ကျေးရွာတွေမှာလည်း စိုက်ပျိုးချိန် ဓာတ်မြေသြဇာစျေးနှုန်းမြင့်တက်ခဲ့ပြီး ဓာတ်မြေသြဇာတွေထည့်သွင်းနိုင်ခြင်းမရှိခဲ့မှုတွေကြောင့် စပါးအထွက်တိုးထက်ဝက်လျော့ကျတာတွေ ဖြစ်ပွားခဲ့ပါတယ်။
စပါးအများဆုံးစိုက်ပျိုးတဲ့ အင်းတော်ကြီးဒေသမှာလည်း လမ်းပိုင်းပိတ်ပင်ခံရမှုတွေနဲ့ နယ်မြေအခြေအနေတွေကြောင့် ဆန်ကုန်သည်တွေ သွားရောက် ကုန်သွယ်နိုင်ခြင်းမရှိတော့တာ တစ်နှစ်နီးပါးကြာမြင့်လာပြီလည်းဖြစ်ပါတယ်။
“စပါးကို ဒေသအပြင်ဘက်က လာဝယ်တဲ့သူမရှိတော့ဘူးလေ ဘယ်သူလာဝယ်မလဲ လမ်းကအဘက်ဘက်ကပိတ်ထားတာလေ ရွာထဲကရွာခံစပါးကုန်သည် တစ်ယောက်စ နှစ်ယောက်စဘဲ လမ်းဖွင့်ရင်သွားရောင်းဖို့ ဝယ်လှောင်ကြတာလောက်ရှိတာ စျေးကလဲ တစ်သောင်းကျော်နှစ်သောင်းလောက်ပဲရှိတယ် အရင်းတောင်မကာမိဘူး” လို့ အင်းတော်ကြီး အင်းမြှီးဘက်ရှိ တောင်သူတစ်ဦးက ပြောပါတယ်။
ဒီလို ဖြစ်ပွားမှုတွေနဲ့ မန္တလေး-မိုးညှင်း-မြစ်ကြီးနား လမ်းပိုင်းပိတ်ပင်ထားမှုတွေကြောင့် မိုးညှင်းမြို့နဲ့ မြို့နယ်အတွင်းမှာ အခုလိုဆန်စျေးနှုန်းမြင့်တက်မှုတွေအပြင် အခြားအခြေခံကုန်စည်နဲ့လူသုံးကုန်တွေလည်း ပြတ်လပ်မှုတွေရှိလာတယ်လို့ မိုးညှင်းဒေသခံတွေကပြောဆိုကြပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးဖြစ်တဲ့ ဘိလပ်မြေတစ်အိတ်ကို (၁)သိန်းကျပ်အထိ ပေးဝယ်နေရပြီး ကြက်ဥ၊ ကြက်စာ ၊ ဂျုံ တွေနဲ့ တခြားစားသောက်ကုန်တွေပြတ်လပ်နည်းပါးနေပြီလို့ သိရပါတယ်။
ကချင်ပြည်နယ်မှာ ဆန်စျေးနှုန်းတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာမြင့်တက်မှုစာရင်းတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေတယ်လို့ IFPRI Myanmar ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
