
စက်တင်ဘာ ၁၊ မြစ်ကြီးနား
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်(Air tickets) တွေကို ဝယ်ယူရ ပိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ စောင့်ဆိုင်းနေရတာကြောင့် အရေးပေါ်ခရီးသွားတဲ့ ဒေသခံများ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
တရားဝင်လေကြောင်းလိုင်းတွေရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာတွေကနေ လက်မှတ်ဝယ်ယူနိုင်တယ်လို့ ထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာတော့ လက်မှတ်ဝယ်ယူဖို့ မလွယ်ကူတာတွေ ရှိနေတာဖြစ်ပါတယ်။
လေယာဉ်ခုံနေရာပြည့်နေမှုနဲ့ သတ်မှတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေကနေ မဝယ်ယူတတ်တာတွေကြောင့်လည်း အခက်တွေ့နေကြရတာပါ။
“ဝယ်ရတော့ခက်တယ်၊ တစ်ချို့တွေကျတော့ သူတို့အချိတ်အဆက်နဲ့ ဝယ်ကြတာလေ၊ အဲ့လိုတစ်ချို့ကြတော့လည်း ဝက်ဘ်ဆိုက်ကမဝယ်တတ်တဲ့လူတွေလည်းရှိတော့ Agent တွေကတော့ လိုတာပဲလေ၊ စောင့်တော့ စောင့်ရတာပေါ့” လို့ မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဒါကြောင့် လေကြောင်းလိုင်းကိုယ်စားလှယ် (Agent) များမှတစ်ဆင့် ဈေးပိုပေးပြီး ဝယ်ယူနေရတာလို့ သိရပါတယ်။
ပြည်တွင်းလေကြောင်းလိုင်း တရားဝင်ဝက်ဘ်ဆိုက်ကနေ ဝယ်ယူရင် ကျပ်(၆) သိန်းကျော်မှ ကျပ်(၇) သိန်းနီးပါးအထိသာ ကျသင့်ပြီး၊ Agent များထံ ဝယ်ယူပါက ကျပ်(၁၀) သိန်းကျော်ဖြင့် ဝယ်ယူနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
ဇွန်လအတွင်းက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လေကြောင်းလိုင်းကိုယ်စားလှယ် (Agent) များကို သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူမယ်လို့ သတိပေးထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီလို လက်မှတ်ဝယ်ယူမှုအခက်အခဲတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာလွှတ်တော်ထံ တင်ပြခဲ့ကြပေမယ့် တိကျတဲ့အဖြေမရှိသလို အရေးယူနိုင်ခြင်းလည်း မရှိဘူးလို့ ဆိုထားပါတယ်။
မြစ်ကြီးနားလေဆိပ်မှာ လူကိုယ်တိုင် သွားရောက်ဝယ်ယူသူတွေရဲ့ပြောပြချက်အရ တစ်နေ့ကို လက်မှတ် ၂ စောင်ကနေ ၃ စောင်အထိသာ ရောင်းချပေးနေသလို အများစုကတော့ လချီစောင့်ပြီး Booking(ဘွတ်ကင်) ယူရတာတွေ ရှိတယ်လို့ သိရပါတယ်။
အဲဒီလို ဝယ်ယူရခက်ခဲတာတွေကြောင့် အရေးပေါ်ဆေးကုသမဲ့ လူနာများအနေနဲ့ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေအကြား ပြောဆိုမှုတွေ ရှိနေတာပါ။
မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားမှုများနဲ့ မတည်ငြိမ်မှုများ၊ ရေကြီးမှုများ ဖြစ်ပေါ်ကာ ကွင်းလမ်းပိုင်းတွေ ပျက်စီးသွားပြီး လမ်းပိတ်တာတွေကြောင့် ခရီးကြန့်ကြာတာတွေ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကချင်ပြည်နယ်က ဒေသခံတွေအနေနဲ့ တခြားမြို့တွေကို သွားလာဖို့၊ အခြေခံစားသောက်ကုန်တွေ တင်သွင်းဖို့ ခက်ခဲနေပြီး ကုန်စည်ပြတ်လတ်တာတွေနဲ့ ဈေးနှုန်းကြီးမြင့်မှုတွေကို ကြုံနေကြရတာလည်း ဖြစ်ပါတယ်။
