Viber ၊Telegram မှတဆင့်  အွန်လိုင်းလောင်းကစားကြော်ငြာများနှင့် ခြိမ်းခြောက်မှုများဆက်တိုက်ဖြစ်နေ

 

စက်တင်ဘာ(၁)၊ မိုးညှင်း 

ရေပန်းစားတဲ့ ဆက်သွယ်ရေးလူမှုကွန်ရက်တွေဖြစ်တဲ့ Viber နဲ့ Telegram (တယ်လီဂရမ်) တွေကနေအွန်လိုင်းလောင်းကစား (ဂိမ်း)ကြော်ငြာတွေနဲ့ စာတိုပေးပို့မှုတွေအပြင် ခြိမ်းခြောက်ခံရမှုတွေဟာ နေ့စဉ်ကြုံတွေ့လာရတယ်လို့ ဒေသတွင်းက မိုဘိုင်းဖုန်းသုံးစွဲသူတွေက ပြောပြမှုတွေရှိနေပါတယ်။

ဒီလိုကိစ္စရပ်တွေဟာ လူကြီးလူငယ်မရွေး  Sim Card (ဆင်းကဒ်) ထည့်သွင်းထားသူအားလုံး ကြုံနေကြရကာ စိတ်အနှောင့်အယှက်ဖြစ်မှုတွေသာမက လှုမှုဘဝထိခိုက်တာတွေပါ ဖြစ်လာနေကြောင်း ဆိုကြပါတယ်။

“ဦးလေးတောင်မသိလို့ ခြိမ်းခြောက်ခံရသေးတယ်၊ ဘန်ကောက်ကလို့ပြောတာပဲ လာမိတ်ဆက်တာ၊ဦးလေး  Viber ထဲကို မက်ဆေ့က ခနခနဝင်နေလို့ လှမ်းမေးလိုက်တာပါ ၊သူတို့ပြောခဲ့တာတော့ မြန်မာနိုင်ငံအွန်လိုင်းအေဂျင်စီတဲ့ တရားဝင်ဆိုပြီးပြောတာ၊ (Link) လင့်တွေကို နှိပ်ခိုင်းတာ ဆက်ဆက်ပြီးနှိပ်ခိုင်းတာ၊ အဲလိုနဲ့ နှစ်ရက်သုံးရက်ကြာတော့ ပြဿာနာပေါ်လာပြီ၊ အချိန်ပြည့် ညလည်းမအိပ်ရဘူး ခလုတ်(Link)တွေ၊ ဆော့ဝဲလ်တွေကို နှိပ်ခိုင်းနေတာ။” လို့ အသက်(၅၀)ကျော်အရွယ်  ၊ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပြပါတယ်။ 

အခုလပိုင်းတွေထဲ အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်တဲ့ပုံစံတွေက “ပြောချင်တာတစ်ခုရှိလို့ ” ဆိုတဲ့စာတိုကဲ့သို့သော  မက်ဆေ့များပေးပို့ခြင်း၊  ဂိမ်းကြော်ငြာများကို ဖုန်းနံပါတ်အမျိုးမျိုးဖြင့် ပေးပို့ခြင်းအပြင်  Facebook ပေ့ချ် ၊  Online shop (အွန်လိုင်းစျေးဆိုင်)တွေရဲ့ Live Sale  (လိုက်ဖ်လွင့်) ရောင်းချမှု  comment( မှတ်ချက်) အောက်ကနေ ဝယ်သူတွေကို ဆိုင်ရှင်အသွင်ယူလိမ်လည်ငွေလွှဲစေခြင်းများ  ပြုလုပ်ခံနေကြရတာပါ။ 

“ တစ်ချို့တွေက တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားကြတာ အလိမ်ခံရတာတွေပေါနေတယ်။ မှော်ထဲမှာလည်းအများကြီး ပိုဆိုးတယ်၊ ဘာမှနားမလည်ကြတဲ့သူတွေက ပိုခံရတာပါ့၊  Viber ကို ဖျက်ထားလိုက်ပြီ၊ မသုံးတော့ဘူးရှုပ်လို့၊  KPay အကောင့်တော့သူတို့ဝင်သွားလို့  အကောင့်ရှင်းထားလိုက်ပြီ အကုန်ပြန်ဖောက်ရမှာ” လို့ ဖားကန့်ဒေသခံတစ်ဦးက ဆိုပါတယ်။

အခုလို ကျားဖြန့်လို့ခေါ်တဲ့ ငွေကြေးလိမ်လည်မှုအမျိုးမျိုးထဲမှာ လိမ်လည်သူတွေက လိမ်လည်ခံရသူတွေရဲ့ရုပ်ပုံတွေကို  မျိုးစုံအကြောင်းပြကာ အွန်လိုင်းပေါ်လူသိရှင်ကြား ဖြန့်ဝေပြီး ခြိမ်းခြောက်ငွေညှစ်တောင်းခံမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ 

ကချင်ပြည်နယ်အပြင် တစ်နိုင်ငံလုံးက နေရာအနှံ့အပြားမှာ  ဒီလိုပြဿနာတွေကို ကြုံနေကြရတာဖြစ်ပြီး အွန်လိုင်းသုံးစွဲသူများက  ဆက်သွယ်ရေးဝန်ကြီးဌာနကို ဝေဖန်မှုတွေလည်းရှိနေသလို ဖုန်းနံပါတ်၊ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုတွေနဲ့ပတ်သက်လို့ ဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုမှုတွေရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *