
စက်တင်ဘာ (၂) ၊ ဘန်ကောက်
အမေရိကန်ရေတပ်ရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Abraham Lincoln ဟာ ပင်လယ်ပြင်မှာ( ၉ )လကြာ တာဝန်ထမ်းဆောင်ပြီးနောက် ထိုင်းနိုင်ငံ လမ်ချာဘန်ဆိပ်ကမ်းကို ဆိုက်ကပ်ဝင်ရောက်လာပါတယ်။
အမေရိကန်ရေတပ်သား နဲ့ မရိန်းတပ်သား စုစုပေါင်း ငါးထောင် ခန့်လိုက်ပါလာပြီး ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ အနားယူအပန်းဖြေဖို့ လာရောက်တာလို့ ဆိုပါတယ်။
ထိုင်းအစိုးရကတော့ အခုလေယာဉ်တင်သင်္ဘော လာရောက်တာဟာ နှစ်နိုင်ငံ စာချုပ်ဆိုင်ရာ ကတိကဝတ်တွေအရ ထောက်ပံ့ပို့ဆောင်ရေးနဲ့ တပ်ဖွဲ့ဝင်တွေအနားယူရန်အတွက်သာဖြစ်ပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခနဲ့ ဆက်စပ်မှုမရှိဘူးလို့ ရှင်းလင်းထားပါတယ်။
USS Abraham Lincoln ရဲ့ တပ်မှူး Captain Dan Keeler ကလည်း (၂၈၆) ရက်ကြာ ပင်လယ်ပြင်တာဝန်ထမ်းဆောင်ပြီးနောက် “သမိုင်းဝင်တာဝန်ထမ်းဆောင်မှု” အတွင်း ပထမဆုံးအကြိမ် ဆိပ်ကမ်းဝင်ရောက်ခြင်းဖြစ်ပြီး သင်္ဘောပေါ်က တပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံရဲ့ သာယာလှပပြီး သမိုင်းဝင်တဲ့ နေရာတွေကို ခံစားနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
ပတ္တယားဟာ ဗီယက်နမ်စစ်ပွဲကာလကတည်းက အမေရိကန်တပ်ဖွဲ့ဝင်တွေအတွက် အနားယူအပန်းဖြေရာနေရာတစ်ခုအဖြစ် အသုံးပြုခဲ့တဲ့ နေရာဖြစ်ပါတယ်။
ဒီသင်္ဘောကို တောင်တရုတ်ပင်လယ်ပြင်မှာ တာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ထားပေမယ့် အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုတွေမစတင်မီ အရှေ့အလယ်ပိုင်းဒေသကို လမ်းကြောင်းပြောင်းပြီး စေလွှတ်ခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံဟာ (၁၉၅၄) ခုနှစ်ကတည်းက အမေရိကန်ရဲ့ စာချုပ်အရ မဟာမိတ်နိုင်ငံဖြစ်ပြီး (၂၀၀၃) ခုနှစ်မှာတော့ NATO မဟုတ်တဲ့ အဓိကမဟာမိတ်နိုင်ငံ (Major Non-NATO Ally) အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ပတ္တယားမြို့ဟာ နိုင်ငံခြားခရီးသွားတွေအကြား အလွန်ရေပန်းစားတဲ့ အပန်းဖြေမြို့တစ်ခုဖြစ်ပြီး ကမ်းခြေတွေနဲ့ ညဘက်ဖျော်ဖြေရေးလုပ်ငန်းတွေကြောင့် လူသိများပါတယ်။
လေယာဉ်တင်သင်္ဘောဟာ ထိုင်းနိုင်ငံကို (၂၀၀၆)ခုနှစ် နဲ့ (၂၀၁၂)ခုနှစ် နောက်ပိုင်း (၁၄ )နှစ်အကြာမှာ ပြန်လာတဲ့ တတိယအကြိမ်ခရီးစဉ်လည်းဖြစ်ပါတယ်။
