
စက်တင်ဘာ (၂)၊ ဝိုင်းမော်
ဝိုင်းမော်မြို့နယ်အတွင်း ခတ်ချိုကျေးရွာတစ်လျှောက်မှာ သစ်သျှူးငှက်ပျောကားကြီးတွေ ဖြတ်သန်းသွားလာမှုတွေကြောင့် ပျက်စီးနေတဲ့လမ်းပိုင်းတွေကို ပြန်လည်ပြင်ဆင်တော့မယ်လို့ သိရပါတယ်။
တရုတ်သစ်သျှူးငှက်ပျောနဲ့ ဖရဲသီးခင်းများ စိုက်ပျိုးလုပ်ကိုင်ကြပြီး လုပ်ငန်းခွင်အခင်းတွေထဲ (၁၂) ဘီးကား၊ တွဲကားများနဲ့ သယ်ယူဝင်ထွက်သွားလာမှုများကြောင့် လမ်းပိုင်းတွေပျက်စီးသွားတာ နှစ်ချီနေပြီလို့ သိရပါတယ်။
“ ဆိုးတာပေါ့အေး ငှက်ပျောကားတွေဒီလောက်ဖြတ်နေတာ ခတ်ချိုကအဲ့လောက်ကြီးမဟုတ်ဘူး ဟိုဘက်ပေါ့ကားကြီးတွေသွားလို့လေ အဲဒါကြောင့် ပြင်လို့ရှိရင်လည်း ဘယ်လိုပြောရမလဲ တစ်ဝက်တစ်ပျက်လေ အဲလိုမျိုးပဲပြင်တာလေ” လို့ ဒေသခံအမျိုးသားတစ်ဦးကအခုလိုပြောပြပါတယ်။
ဒီလမ်းပိုင်းက ဝိုင်းမော်မြို့ကနေ မုတ်လွှဲ-ခတ်ချို-နောင်ပကပ်- ဗောဓိကုန်း-နောင်ဟီး-စန်းကား-တာစန့်-ဦးလောက် စတဲ့ကျေးရွာများကို ဆက်သွယ်ထားတဲ့လမ်းပိုင်းတစ်ခုလည်းဖြစ်ပါတယ်။
ဒေသခံတွေဟာ သစ်သျှူးငှက်ပျောစိုက်ခင်းတွေမှာ နေ့စားသွားရောက်လုပ်ကိုင်နေရပြီး တစ်ရက်ပျှမ်းမျှ ကျပ် (၂ )သောင်းမှ (၃ )သောင်းအထိ အခကြေးငွေ ရရှိကြတယ်လို့ဆိုပါတယ်။
လမ်းပိုင်းတွေမှာလည်း စစ်တပ်စစ်ဆေးရေးဂိတ် ၊ KIA+PDF ပူးပေါင်းတပ်တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းသွားရပြီး ဒေသခံတွေကြားမှာလည်း စိန်ခေါ်မှုကြီးမားတဲ့လမ်းပိုင်းဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ စစ်ဆေးဂိတ်တွေက သွားလာမှုတွေကို ကန့်သတ်ထားပြီး ကုန်ပစ္စည်းသယ်ဆောင်တဲ့ယာဉ်များကို အခွန်ငွေကြေးကောက်ခံမှုတွေရှိတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၄) ခုနှစ်ကစလို့ စစ်ရေးအခြေအနေများကြောင့် စစ်တပ်က စစ်ဆေးရေးဂိတ်များ အထိုင်ချခဲ့ပြီး လမ်းပိုင်းများအတွင်း အသွားအလာတွေကန့်သတ်ကာ စစ်ဆေးမှုတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။
