
စက်တင်ဘာ (၃)၊ ဗန်းမော်
ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်တဲ့ ရိက္ခာ၊ လက်နက်ပစ္စည်းထောက်ပံ့ရေးနဲ့ စစ်အင်အားဖြည့်တင်းရေး စစ်ရေယာဉ်တွေဟာ လမ်းပိုင်းမှာ KIA+PDF ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တချို့သာ ဗန်းမော်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ရွှေကူမြို့ကနေ ဩဂုတ်လကုန်ပိုင်းမှာ ထွက်ခွာလာပြီး ဇင်းဘုံကျေးရွာ နဲ့ စင်းခန်းကျေးရွာကြားမှာ တိုက်ပွဲပြင်းထန်နေကာ ရေယာဉ် (၂) စီး မီးလောင်ခဲ့သလို နောက်ထပ် (၂)စီးကိုလည်း KIA+PDF တပ်ဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကချင်သတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့က စက်တင်ဘာ (၂ )ရက်နေ့ မနက် (၄ )နာရီဝန်းကျင်က တိုက်ပွဲအတွင်း စစ်သင်္ဘောရေယာဉ်တစ်စီးမှာ လူအများအပြားနဲ့အတူ ရေထဲနစ်မြုပ်သွားခဲ့ပြီး နောက်ထပ်ရေယာဉ်(၂)စီးကိုတော့ KPDF တပ်များကဖမ်းဆီးလိုက်တာကြောင့် ယာဉ်ပေါ်ပါလာတဲ့လူအယောက် (၁၀၀) နီးပါး အလံဖြူထောင်လက်နက်ချခဲ့ရတယ်လို့ ဆိုထားပါတယ်။
ရေယာဉ်ပေါ်မှာ စစ်သားတွေအပြင် ဌာနဆိုင်ရာဝန်ထမ်း ၊ တပ်မိသားစု နဲ့ ဝန်ထမ်းမိသားစုတွေပါဝင်တယ်လို့ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တွေအရ သိရပါတယ်။
တိုက်ပွဲပြင်းထန်တဲ့နေရာတွေကို စစ်တပ်က ဂျက်ဖိုက်တာအစီး (၂၀) ကျော် အသုံးပြုပြီး လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ စစ်တပ်က စင်းခန်းနဲ့ ဇင်းဘုံကျေးရွာတွေကို မြေပြင်ထိုးစစ်တွေပြုလုပ်နေပြီး လေကြောင်းမှတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ရှိနေတယ်လို့ စုံစမ်းသိရပါတယ်။
လက်ရှိမှာတော့ ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်ရေယာဉ်အစီးရေ (၁၅) စီးထဲ (၄)စီးကနေ (၇) စီးအထိ တိုက်ခိုက်ခံနေရတာဖြစ်တယ်လို့သိရပါတယ်။
စစ်တပ်ရဲ့သတင်းတွေကို အဓိကဖော်ပြနေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဗန်းမော်မြို့ဆိပ်ကမ်းကို ဝင်ရောက်လာတဲ့ ရေယာဉ် ( ၇) စီးကျော် ဓာတ်ပုံတွေကို မျှဝေထားကြပါတယ်။
