
စက်တင်ဘာ(၃) ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသအတွင်းရှိ KIA+PDF တပ်များ ထိန်းချုပ်ထားတဲ့ကျေးရွာတွေကို အခုရက်ပိုင်းကနေစပြီး အိမ်မြေ၊ယာမြေ နဲ့ အိမ်ထောင်စုလူဦးရေအလိုက် အခွန်တွေကောက်ခံသွားမယ်လို့ ဒေသခံများကို သတိပေးထားကြောင်း သိရပါတယ်။
“ မနှစ်ကတော့ လယ်တစ်ဧကတစ်သောင်းတဲ့ ဒီနှစ်တော့ဘယ်လောက်လဲမသိသေးဘူး၊ ဒီနှစ်က အိမ်ဝင်းတွေရော၊လူအရေအတွက်အလိုက်ရော အိမ်မှာနေထားတာ ဘယ်နှစ်ယောက်လဲဆိုတာတွေအကုန်ကောက်မှာတဲ့၊မြေခွန်အကုန်ပဲ အိမ်ခြံဝန်းဘယ်နှစ်ပေရှိလဲဆိုတာတွေကို တိုင်းတာခိုင်းထားတုန်း ၊ ကြာလေကြာလေ ဘာတွေကောက်မှန်းကိုမသိတော့ဘူး ” လို့ လောဆွန့်ကျေးရွာသူ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက လယ်မြေဧကအလိုက် တစ်နှစ်စာအတွက် တစ်ဧက တစ်သောင်းကျပ်နှုန်းဖြင့် တောင်သူများ အခွန်ပေးဆောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။
အခုနှစ်မှာ လယ်မြေအပါအဝင် အိမ်ဝင်းအကျယ်ပေ ၊ယာမြေနဲ့ လူ (ကျား၊ မ )အရေအတွက်တွေပါ စာရင်းကောက်ခံနေပြီး ပေးဆောင်ရမယ့်ငွေကြေးပမာဏတွေကိုတော့ မသိရှိရသေးဘူးလို့ ဆိုကြပါတယ်။
အခုလိုစာရင်းကောက်ခံနေမှုဟာ ကျေးရွာအချို့မှာ ပြုလုပ်နေတာဖြစ်ပြီး နောက်ထပ် စုဆောင်းရေးနဲ့ တပ်သားသစ်တွေအတွက်လည်း ကျား/မ မရွေး လူဦးရေ အယောက်(၇၀၀)အထိ လိုအပ်နေကြောင်း ကျေးရွာအစည်းအဝေးခေါ်ယူချိန် အသိပေးတောင်းခံနေတယ်လို့ သိရပါတယ်။
ဒါတင်မက အိမ်ထောင်မကျသေးတဲ့ အသက်(၂၀)ကျော်ကနေ (၃၀) ကျော် အမျိုးသမီးများကိုလည်း ခေါ်ယူမယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
“ ထမင်းဟင်းချက်ဖို့လူခေါ်တဲ့ဟာကလည်းရှိသေးတယ်၊ ဒါလည်း အလှည့်ကျ သွားချက်ပေးရတယ်၊ အိမ်တိုင်းမသွားနိုင်တော့ တစ်လ(၂)သောင်းနဲ့ လူငှားပိုက်ဆံပေးပြီး သွားချက်ခိုင်းကြတာပါ့၊ ဖိုးသမားတွေကိုငှားတယ်၊ သွားချင်တဲ့သူကိုပိုက်ဆံပေးငှားလိုက်တယ်၊ နားမလည်တတ်တော့ဘူး အမျိုးမျိုးပဲ” လို့ သူကဆိုပါတယ်။
ဒါ့အပြင် KIA+PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ တပ်စခန်းတွေအတွက် ကျေးရွာရပ်ကွက်အလိုက် အလှည့်ကျ အစားအသောက်ချက်ပြုတ်ပေးရမှုကိုလည်း ပြုလုပ်ပေးနေရပြီး မပြင်၊နားလတန်း၊ ပန်းလား၊ လောဆွန့်၊မန်ကင်း၊ လွဲပေါ၊အိုင်လေးတူ စတဲ့ကျေးရွာတွေအပါအဝင် အင်းအရှေ့ကမ်း၊အနောက်ကမ်းနဲ့ အင်းမြှီးရှိ ကျေးရွာအားလုံးပါဝင်တယ်လို့သိရပါတယ်။
