ဟော်မုဇ်ရေလက်ကြားကို ထရန့်ရေလက်ကြားလို့အမည်ပြောင်းဖို့ ကန်သမ္မတဆို 

စက်တင်ဘာ( ၃)၊ နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန်က ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားပြီဟုဆိုကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီရေလက်ကြားကို သူ့အမည်နဲ့  “Trump Strait” လို့ အမည်ပြောင်းသင့်ကြောင်း သူက ရေးသားခဲ့ပါတယ်။ 

ထရမ့်က ဗုဒ္ဓဟူးနေ့ လူမှုကွန်ရက်ပို့စ်တစ်ခုမှာ “အခု အမေရိကန်က ထိန်းချုပ်ထားပြီဆိုတော့ Hormuz Strait ကို TRUMP STRAIT လို့ အမည်ပြောင်းသင့်လား” ဟု ရေးသားခဲ့ပါတယ်။

ဒီအကြံပြုချက်မထွက်ပေါ်မီ တစ်ရက်အလိုက အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံအတွင်း ပစ်မှတ်အချို့ကို တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ( ၄) ဦး သေဆုံးခဲ့ပါတယ်။ 

သေဆုံးသူတွေထဲမှာ ကလေး (၂) ဦးလည်း ပါဝင်ပြီး အီရန်တောင်ပိုင်း ဆီရစ်ခ်မြို့မှာ မင်္ဂလာပွဲကျင်းပနေစဉ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ဒေသတွင်း အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။ 

အမေရိကန်ဘက်က ဟော်မုဇ်ရေလက်ကြား ဖွင့်ထားပြီး ရေနံစည်သန်းပေါင်းများစွာ နေ့စဉ်ဖြတ်သန်းနေတယ်လို့ ပြောဆိုထားပေမယ့် အီရန်ကတော့ ရေလက်ကြားကို ပိတ်ထားပြီး သူတို့ထိန်းချုပ်ထားတယ်လို့ ပြောဆိုနေဆဲဖြစ်ပါတယ်။ 

ဒါ့အပြင် ဗြိတိန်တော်ဝင်ရေတပ်နဲ့ ဆက်နွှယ်တဲ့ UKMTO ရေကြောင်းစောင့်ကြည့်ရေးအဖွဲ့က ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတွေ တိုက်ခိုက်ခံရမှုကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်နေပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပွားလာတဲ့ စစ်ပွဲဟာ ထရမ့် မူလက ခန့်မှန်းထားတဲ့ (၆) ပတ်အတွင်း ပြီးဆုံးခြင်းမရှိဘဲ ယခုအခါ  (၇) လမြောက်အထိ ကြာမြင့်လာပြီဖြစ်ပါတယ်။

ထရမ့်က ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ရှုမြင်ကြောင်း ပြီးခဲ့တဲ့လမှာ ပြောဆိုထားပြီး ယခုTrump Strait လို့ အမည်ပြောင်းရန် အကြံပြုခြင်းဟာ  ရေလက်ကြားအပေါ် အမေရိကန်ရဲ့ ထိန်းချုပ်မှုကို ထပ်မံအလေးပေးဖော်ပြခြင်းဖြစ်တယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *