KIA က ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ အင်းတော်ကြီးရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ခေါင်းဆောင်တစ်ဦး  ကျန်းမာရေးအခြေအနေစိုးရိမ်နေရ 

စက်တင်ဘာ(၇) ၊ အင်းတော်ကြီး

ဇူလိုင်လက  KIA+PDF တပ်ဖွဲ့များရဲ့  ဖမ်းဆီးပြီး ရိုက်နှက်မှုခံခဲ့ရတဲ့ အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ ဒုတိယခေါင်းဆောင် ကိုဝင်းဇော်ဟာ  ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ နီးစပ်သူများထံမှ သိရပါတယ်။

အင်းတော်ကြီးဒေသ၊ နားလတန်းကျေးရွာသားဖြစ်သူ  ကိုဝင်းဇော်က ဖမ်းဆီးခံရပြီး ရက်ပိုင်းအကြာမှာ   ပြန်လည်လွှတ်မြောက်လာပြီးနောက်  ရိုက်နှက်ဒဏ်ရာတွေကို အခုနှစ်လနီးပါးအကြာအထိ ဆေးကုသမှုခံယူနေရတာလည််း ဖြစ်ပါတယ်။

“ ရိုက်နှက်ခံထားရတဲ့ဒဏ်ကို ကုနေရင်း ‌အဆင်မပြေတော့လို့ ဆေးရုံကနေ ဟွေဖာဆို (နားလတန်း) ပြန်ခေါ်ခဲ့တာ၊ ပြန်လွှတ်လာပြီးနောက်ပိုင်း ရိုက်ခံရတာ ခေါင်းလည်းထိသွားတာလားတော့မသိဘူး၊ခေါင်းခနခနကိုက်တယ်လေ၊   ဘာမှကိုမမှတ်မိတော့ဘူးလေ စကားလည်းမပြောနိုင်တော့ဘူး ” လို့ မနေ့က စက်တင်ဘာ (၆)ရက်နေ့ညမှာ ယဉ်ကျေးမှုအကအဖွဲ့ဝင် လူငယ်အမျိုးသားတစ်ဦးက ပြောပြပါတယ်။

အင်းတော်ကြီးဒေသကနေ ဖားကန့်မြို့နယ်ဘက်ကို ဆေးကုသမှုသွားရောက်ခံယူခဲ့ပေမယ့် သက်သာမှုမရှိတာကြောင့် နေရပ်ကို ပြန်လည်ခေါ်ထားပြီး ကျန်းမာရေးအခြေအနေဟာ  ပြင်းထန်တဲ့အခြေအနေရောက်ရှိနေတယ်လို့ သိရပါတယ်။

သူ့ကို  KIA+PDF တပ်ဖွဲ့များက ဇူလိုင်လ(၆) ရက်နေ့ကနေ  တစ်ပတ်နီးပါးကြာအောင် ဖမ်းဆီးထားပြီးနောက် ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ (SEA) နဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့အပါအဝင် ရပ်မိရပ်ဖတွေရဲ့ သွားရောက်ညှိနှိုင်းတောင်းဆိုမှုတွေကြောင့် ဇူလိုင်(၁၁) ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

“ သူ့ကို သွားထုတ်ခဲ့တုန်းက ရိုက်ထားတဲ့ ဒဏ်ရာတွေတော့ကျွန်တော်တို့တွေ့ခဲ့တယ်၊  ဘယ်ဘက်မျက်ခွံထောင့် နားမှာ ရောင်နေတာ တွေ့ခဲ့တယ် ၊ အဲတုန်းကဆေးစစ်ဖို့ပြောခဲ့ပါသေးတယ်  အင်းတော်ကြီးကိုလည်း ပြန်မသွားဖို့တိုက်တွန်းခဲ့ပေမယ့် မိသားစုရှိတယ် ပြန်မှဖြစ်မယ်ဆိုပြီး  ပြန်သွားတယ်၊ ဆေးလည်းမစစ်သွားဘူး၊ ကျန်တဲ့သူတွေလည်း အကုန်ရိုက်ခံထားရတဲ့ ဒဏ်ရာတွေတွေ့ရပါတယ်။ ” လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ ဥက္ကဌ ဖြစ်သူ ဦးခင်မောင်အေးက   ဆိုပါတယ်။

ဒီဖမ်းဆီးခံခဲ့ရမှုထဲ ကိုဝင်းဇော်နဲ့အတူ အမျိုးသမီး(၂)ဦးနဲ့ အမျိုးသား( ၁)ဦးတို့ပါဝင်ခဲ့ပြီး  ရိုက်နှက်စစ်ဆေးမှုတွေကြောင့် ခန္ဓာကိုယ်အတွင်းအပြင် ထိခိုက်ဒဏ်ရာရရှိမှုတွေ  အသီးသီးရှိခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *