
_________________
စက်တင်ဘာ(၅)၊ မိုင်းနောင်
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းရှိ ကျေးရွာအသီးသီးက ရှမ်းနီတိုင်းရင်းသားဘာသာသင်ကြားတဲ့ TA/ LT မောဆွန်(ဆရာ/မ)များအနေဖြင့် မိုင်းနောင်ကျေးရွာမှာ ဒီလစက်တင်ဘာ(၁၈)ရက်နေ့ကို နောက်ဆုံးထားပြီး အလုပ်လာရောက်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
“ အခုကနောက်တစ်သုတ်အသစ်လာလျှောက်ခိုင်းတာ၊ အစိုးရကအလုပ်ခေါ်နေပြီလေ အခုလျှောက်ထားတဲ့သူ (၁၀)ယောက်တော့ကျော်ပြီ၊ အခုစက်တင်ဘာ(၁၈)ရက်နေ့ကို လျှောက်လွှာပိတ်မှာ အဲဒီရက်နောက်ဆုံးပေါ့။ ” လို့ အင်းတော်ကြီးဒေသ ၊ရှမ်းနီစာပေနဲ့ရိုးရာယဉ်ကျေးမှုအသင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
ဒေသအတွင်းရှိ ကျေးရွာပေါင်း (၃၉)ရွာမှာ ရှမ်းနီမောဆွန် (၆၀)ဦးရှိတဲ့အထဲ အခု (၁၀)ဦးကျော်သာ လျှောက်လွှာတင်ထားသေးကြောင်း သိရပါတယ်။
ရှမ်းနီစာပေနဲ့ ရိုးရာယဉ်ကျေးမှုအသင်းရုံးကိုလည်း ယခင် လုံးတုံကျေးရွာ (အင်းတော်ကြီးမြို့) မှာ ရုံးစိုက်ထားရာကနေ အခု နယ်မြေမတည်ငြိမ်မှုကြောင့် မိုင်းနောင်ကျေးရွာ၊မြနန္ဒာရပ်ကွက်သို့ ယာယီရုံးပြောင်းလဲဖွင့်လှစ်ထားပြီလည်း ဖြစ်ပါတယ်။
“ရုံးကို နိုင်ငံရေးကောင်းတဲ့အထိ မိုင်းနောင်မှာ ယာယီပြောင်းထားပြီ၊ အင်းမြှီးက မောဆွန်တွေက လိုင်းနဲ့ ဖုန်းအဆက်အသွယ်ကလည်း ခက်နေတော့ မသိနေကြဘူးလေ၊ လာရတာလည်းခက်ဆိုတော့လေ။ ” ဟု သူကဆိုပါတယ်။
KIA+PDF တပ်ဖွဲ့များ ထိန်းချုပ်ထားတဲ့ကျေးရွာတွေမှာလည်း ရှမ်းနီတိုင်းရင်းသားဘာသာ သင်ကြားမှုကို ပြန်လည်ခွင့်ပြုပေးမယ်လို့ သိရပြီး သူတို့ထိန်းချုပ်ကျေးရွာတွေမှာ သင်ကြားမှုရပ်နားထားတာ နှစ်နှစ်နီးပါးရှိနေပြီလည်း ဖြစ်ပါတယ်။
အင်းတော်ကြီးဒေသမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာလည်း ပညာရေးဝန်ထမ်းများလာရောက်သင်ကြားမှုနည်းပါးပြီး ဆရာ/မ မလုံလောက်မှုတွေကြောင့် ကျေးရွာတွင်းက တိုင်းရင်းသားဘာသာသင်မောဆွန်တွေနဲ့ အစားထိုးသင်ကြားပေးနေရတာဖြစ်ပါတယ်။
