အယ်လ်နီညို ရာသီဥတုဟာ အပြင်းထန်ဆုံးဖြစ်လာမယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO) သတိပေး 

Screenshot

စက်တင်ဘာ(၄) ၊ မိုးလေဝသ 

ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ အပူလွန်ကဲမှုဖြစ်ပေါ်နေတာကြောင့် ကမ္ဘာတစ်ဝန်းမှာ အယ်လ်နီညိုရာသီဥတုဟာ နှစ်ကုန်ပိုင်းမှာ အပြင်းထန်ဆုံးရာသီဥတုအခြေအနေကို သေချာပေါက်ရောက်ရှိမယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က မနေ့က သတိပေးလိုက်ပါတယ်။

လာမယ့်လတွေမှာ ပြင်းထန်တဲ့အဆင့်ကနေ  နှစ်ကုန်ပိုင်းမှာ အမြင့်ဆုံးအဆင့်ကို ရောက်နိုင်တယ်လို့  ပြောထားတာပါ။

အယ်လ်နီညိုရဲ့မုတ်သုံလေသက်ရောက်မှုကြောင့် အိန္ဒိယသမုဒ္ဒရာ (Positive IOD) အခြေအနေကလည်း  ပိုတိုးလာပြီး အခုစက်တင်ဘာလကနေ နိုဝင်ဘာလအထိ သုံးလအတွင်း အာဖရိက၊ အာရှတောင်ပိုင်းတို့မှာ မိုးနည်းပြီး ခြောက်သွေ့ပူပြင်းမှု ဖြစ်ပေါ်မယ်လို့ သိရပါတယ်။

အိန္ဒိယသမုဒ္ဒရာကနေတစ်ဆင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့ကို မုတ်သုံလေ ပြန်လည်သက်ရောက်မှုဖြစ်တာကြောင့် မြန်မာနိုင်ငံကိုလည်း ရာသီဥတုဖောက်လွှဲဖောက်ပြန်မှုတွေဖြစ်တဲ့ မိုးကြီးခြင်း၊ ရေကြီးခြင်း၊  အပူချိန်မြင့်မားခြင်း နဲ့ မိုးခေါင်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် မြန်မာမှာလည်း မုတ်သုံလေဆွဲအားကြောင့် မိုးရာသီကာလဟာ ရှည်ကြာမှာဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းအထိ မိုးများနိုင်ကာ အထူးသဖြင့် ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုး ပိုမိုအားကောင်းလာမှာဖြစ်ကြောင်း မြန်မာ မိုးလေဝသလေ့လာသုံးသပ်နေသူ  ဦးဝင်းနိုင်က ပြောထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာလည်း မိုးများမှုတွေကြောင့် မြစ်ချောင်းတွေဟာ ရေကြီးရေလျှံမှုမကြာခဏဖြစ်နေပြီး လက်ရှိမှာ မြစ်ကြီးလေးစင်းစလုံးဟာ စိုးရိမ်ရေအမှတ်အနီးကို အသီးသီးရောက်ရှိနေတာလည်းဖြစ်ပါတယ်။ 

ဆိုးဝါးတဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ဟာ  (၂၀၂၇) ဖေဖော်ဝါရီလအထိ ဆက်လက်ဖြစ်ပေါ်ဖို့ ရာနှုန်းပြည့် ၁၀၀ ရာခိုင်နှုန်းအထိ အလားအလာရှိနေတယ်လို့  ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြတ်ပြတ်သားသား ဆိုထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ” အယ်လ်နီညိုက မျက်စိရှေ့မှာတင် အရွယ်အစားကြီးလာနေပါတယ်။ သိပ္ပံပညာကို သံသယဖြစ်စရာအကြောင်းမရှိဘူး။ ကမ္ဘာကြီးဟာမကြုံဖူးသေးတဲ့ အခြေအနေကို ရောက်နေပြီး ရေပြင်တွေဟာ ပိုပိုပူလာနေတယ်” လို့ သတိပေးထားပါတယ်။

ဒီအတွက် ဥရောပ ၊မြောက်အမေရိက၊တောင်အမေရိက နဲ့ အရှေ့အာဖရိက နိုင်ငံတွေသတိထားရမှာဖြစ်ပြီး မြန်မာနိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှမှာလည်း  ပုံမှန်ထက် ပိုမိုပူပြင်းပြီး စိုက်ပျိုးရေးနဲ့ သောက်သုံးရေ တွေအတွက် ရေရှားပါးမှုဒဏ်ကို ပိုမိုခံစားရနိုင်တယ်လို့  ကုလကပြောထားပါတယ်။ 

ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် (၂.၆) ဒီဂရီစင်တီဂရိတ်အထိရှိလာသလို ရေအောက်အပူချိန်ဟာလည်း  အချို့နေရာတွေမှာ ပုံမှန်ထက် (၈)ဒီဂရီစင်တီဂရိတ်ကျော်အထိ အလွန်ပူနေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *