ကချင်ပြည်နယ်က ရှမ်းနီတွေရဲ့ အမျိုးသားရိုးရာဝတ်စုံအမည် သတ်မှတ်ဖို့ ကော်မတီဖွဲ့

စက်တင်ဘာ (၁၇)၊ မြစ်ကြီးနား

ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းနီတိုင်းရင်းသားတွေရဲ့ အမျိုးသားရိုးရာဝတ်စုံ (National Dress) အမည် သတ်မှတ်နိုင်ဖို့အတွက် စာပေနဲ့ ယဉ်ကျေးမှုကော်မတီအဖွဲ့တွေထဲက အဖွဲ့ဝင် (၁၁) ဦးနဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

မနေ့က စက်တင်ဘာ (၁၆ )ရက်၊ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်က ရှမ်းမျိုးနွယ်စုဓမ္မာရုံမှာ  အမျိုးသားရိုးရာဝတ်စုံသတ်မှတ်ရေးအတွက် လူဦးရေ (၃၀) ပါဝင်တဲ့ အစည်းအဝေးပွဲတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ ၁၁ ယောက်နဲ့ ပြန်ဖွဲ့ထားတယ်။ ဆုံးဖြတ်နိုင်ဖို့ ဥပမာ လူမျိုးအမည်ဆိုတဲ့နေရာမှာ မြစ်ကြီးနားဗဟိုက ‘တိုင်းလိုင်’ နဲ့ သွားချင်တယ်။ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်အဖွဲ့တွေကတော့ ‘ရှမ်းနီ’ နဲ့ သွားချင်တယ်။ လောလောဆယ် အတည်ပြုလို့တော့ မရသေးဘူး” လို့ ဆွေးနွေးပွဲတက်ရောက်သူတစ်ဦးက ပြောပါတယ်။

ဆွေးနွေးပွဲမှာ လူမျိုးအမည် သတ်မှတ်အသုံးပြုရေးနဲ့ ပတ်သက်ပြီးလည်း သဘောထားကွဲလွဲမှုတွေ ရှိနေသေးတယ်လို့ တက်ရောက်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကချင်ပြည်နယ် တိုင်းလိုင်ဗဟို စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က အစိုးရထံ အရင်က တင်ပြထားတဲ့ ရိုးရာဝတ်စုံပုံစံကိုပဲ ပြန်လည်တင်ပြသွားမှာဖြစ်ပြီး ဝတ်စုံရဲ့ အရောင်ကိုတော့ အတိအကျ သတ်မှတ်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။

“ သူတို့ကကြိုတင်စီစဉ်ထားပြီးသားဆိုတော့ ၊ တက်လာတဲ့လူတွေကလည်းပဲ ဝတ်စုံနဲ့ ပတ်သက်ပြီးတော့မှ အပြင်းအထန်ကြီးငြင်းကြခုံကြတာတော့ မရှိပါဘူး။  လုပ်ထားတဲ့အတိုင်းတင်လိုက်ဖို့ အဲ့ဒါပဲရှိတာပါ ၊အရင်တုန်းက မြစ်ကြီးနားဘက်က လုပ်တဲ့အတိုင်းပေါ့လေ၊ ခေါင်းပေါင်းလည်း  အမျိုးသားခေါင်းပေါင်းက ဘယ်ချ၊ အမျိုးသမီးကျတော့လည်း နှစ်ဖက်ထောင်ခေါင်းပေါင်းနဲ့ ဝတ်စုံကတော့ တစ်ချို့ကတော့ ရင်စေ့၊ တစ်ချို့ကတော့ရင်ဖုံးပေါ့လေ အမျိုးသားကျတော့ ရင်ဖုံးပေါ့လေ ၊ တောင်‌ရှည်နဲ့ အရောင်တွေဘာတွေတော့သိပ်မပြောကြပါဘူး။” လို့ တက်ရောက်သူတစ်ဦး ကအခုလိုပြောပြပါတယ်။

ဗဟိုစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က သတ်မှတ်ထားတဲ့ ဝတ်စုံပုံစံကိုပဲ အစိုးရထံ တရားဝင်တင်ပြသွားမှာဖြစ်ပြီး ဒေသအလိုက် ကျင်းပတဲ့ ပွဲတွေမှာတော့ မိမိတို့နှစ်သက်ရာ ရိုးရာခေါင်းပေါင်းနဲ့ ဝတ်စုံတွေကို ဝတ်ဆင်နိုင်တယ်လို့ဆိုပါတယ်။ 

ဩဂုတ်လကုန်ပိုင်းမှာ ကျင်းပတဲ့ “ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီအစည်းအဝေး” မှာ ကချင်ပြည်နယ်ထဲက ရှမ်း (၅)မျိုးအတွက် သိကျစွာ တင်ပြထားခြင်းမရှိသေးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *