ဟုမ္မလင်းမြို့နယ် သောင်ဦးကျေးရွာအနီး SNA နဲ့ KIA+PDF ပူးပေါင်းတပ်တို့ တိုက်ပွဲကြောင့် ဒေသခံ ရာနှင့်ချီ စစ်ဘေးရှောင်

ဟုမ္မလင်းမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကိုတွေ့ရစဉ်/Photo_SNV

အောက်တိုဘာ ၂၉၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်က  သောင်ဦးကျေးရွာနဲ့ တာမယ်ပုတ်ကျေးရွာတွေမှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ KIA+PDF တပ်တို့ တိုက်ပွဲဖြစ်နေတာ တစ်လနီးပါး ကြာမြင့်လာပြီဖြစ်တာကြောင့် ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် သောင်ဦးကျေးရွာနဲ့ တာမယ်ပုတ်ကျေးရွာက အသက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေက နီးစပ်ရာကျေးရွာက ဆွေမျိုးတွေဆီ စစ်ဘေးရှောင်ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် က ဆယ်ဇင်းကျေးရွာမှာ အောက်တိုဘာ ၈ ရက်နေ့ကစပြီး တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော် မှတ်မိတဲ့ရက်ကဆိုရင် ၈ ရက်နေ့ကစဖြစ်တာ။ နေ့ရော ညရော တိုက်ပွဲဖြစ်နေတာ။ ကျွန်တော်တို့ သောင်ဦးရွာကတော့ အမျိုးတွေရှိတဲ့ ရွာတွေ၊ တချို့ဆိုရင် ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရတယ်” လို့ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ကျေးရွာနေအိမ်တချို့ မီးလောင်ပျက်စီးပြီး စာသင်ကျောင်းမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ပျက်စီးမှုတွေ ရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာ စစ်ဘေးရှောင်တွေဟာ အစားအသောက် လိုအပ်နေပြီး စစ်ဘေးရှောင်ကူညီမှုတွေလည်း မရောက်ရှိသေးတာကြောင့် တချို့ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

“ အခုက ဆောင်းတွင်းရောက်ပြီ။ စောင်တွေ၊ အင်္ကျီအနွေးထည်တွေ တချို့လည်းပါတယ်၊ တချို့လည်း မပါဘူး။ ကသောကမျှောနဲ့ ထွက်ပြေးလာရတာဆိုတော့ စားစရာတွေလည်း မပါလာဘူး” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီကျေးရွာနှစ်ရွာဟာ စစ်ဘေးရှောင်နေတာ ၁ ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *