
အောက်တိုဘာ ၂၈ ၊ မနီလာ
အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို Theresa Lazaro) ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ လူသားချင်းစာနာမှုအကူအညီတွေပံ့ပိုးရေးအတွက် ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ပြောဆိုလာပါတယ်။
အာဆီယံရေးရာဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒက်စ် အင်ပီရီယယ် (Dax Imperial) က လာဇာရိုဟာ အောက်တိုဘာ ၂၈ ရက်ကနေ ၂၉ ရက်အထိ ရှမ်းပြည်နယ်ကို သွားရောက်မှာဖြစ်သလို နေပြည်တော်မှာလည်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
ပဋိပက္ခတွေကြောင့် ထိခိုက်နေတဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေ တိုးတက်လာဖို့ အာဆီယံက ကြိုးပမ်းနေချိန်မှာ အခုခရီးစဉ်ကို ဆောင်ရွက်တာဖြစ်ပါတယ်။
“လောလောဆယ် ကျွန်တော်တို့သိထားတာက ရှမ်းပြည်နယ်မှာ လူသားချင်းစာနာမှုအကူအညီပေးရေးခရီးစဉ်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
အခုခရီးစဉ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့အခြေစိုက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
ရန်ကုန်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဂျပန်နိုင်ငံကိုယ်စားလှယ်တွေလည်း ခရီးစဉ်မှာ ပါဝင်ကြမှာဖြစ်ပါတယ်။
ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၂၈ ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ သတ်မှတ်ထားတဲ့ နေရာတွေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။
အဲဒီနောက် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လူမှုအသိုင်းအဝိုင်းတွေကို လူသားချင်းစာနာမှုအကူအညီတွေ တစ်လကြာ ဖြန့်ဝေပေးမယ့်လုပ်ငန်းကို စတင်မှာပါ။
ဒီအကူအညီပေးရေးလုပ်ငန်းကနေ အိမ်ထောင်စု တစ်သောင်းတစ်ထောင်ကျော်ကို ဆန် ၅၀ ကီလိုဂရမ်အိတ်တွေ၊ မိသားစုသုံးပစ္စည်းအစုံနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအစုံတွေ ဖြန့်ဝေသွားဖို့ရှိနေပါတယ်။
အခုအစီအစဉ်ဟာ AHA Centre အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို ပထမဆုံးအကြိမ် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်တာဖြစ်ပြီး အရင်က အကူအညီမရောက်ရှိဖူးတဲ့ နေရာတွေကို အဓိကထား ဆောင်ရွက်သွားမှာလို့ ပြောဆိုထားပါတယ်။
AHA Centre နဲ့ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က ထိခိုက်ခံစားနေရတဲ့ လူမှုအသိုင်းအဝိုင်းတွေဆီ ဆန်နဲ့ အခြားမရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလအထိ ဆက်လက်ပေးအပ်သွားမယ်လို့ သိရပါတယ်။
