ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းရှိ တာပိန်တံတား ဗုံးကြဲခံရ၊ သွားလာမှုပြတ်တောက်

အောက်တိုဘာ ၂၃ ၊ ဗန်းမော် 

ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ တာပိန်မြစ်ကူးတံတား(မြို့သစ်တံတား) ဟာ ဒီနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ နံနက် ၁၀ နာရီလောက်မှာ လေယာဉ်လာဝဲပြီးတော့ ချသွားတာ၊ ဘယ်လိုချသွားသလဲမသိလိုက်ဘူး၊ ဒီဘက်မှာ ပစ်ခတ်တာတွေတော့မရှိဘူး။ သူတို့(စစ်တပ်)ကလည်း သူတို့သတင်းရှိမှာပေါ့ ၊အဲ့ဒီသတင်းနဲ့ ဘယ်လိုလာပစ်တာလဲတော့မသိဘူး၊ မနက် ၁၀ နာရီဝန်းကျင်လောက်ပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

ချဉ်းကပ်လမ်းနဲ့ကပ်လျက်တံတားသံဘောင်တွေနဲ့ ကြမ်းခင်းတွေ ပျက်စီးသွားတာဖြစ်ပြီး ဆိုင်ကယ်ကလွဲလို့ ကျန်တဲ့ ယာဉ်တွေသွားလာလို့မရနိုင်တော့ကြောင်း သိရပါတယ်။ 

ဒီတံတားဟာ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်က ကုန်ပစ္စည်းတွေကို မြစ်ကြီးနားကိုတင်ပို့ရာမှာ အဓိကကျတဲ့ လမ်းပိုင်းပေါ်က တံတားလည်းဖြစ်ပါတယ်။

“ဗန်းမော်မြစ်ကြီးနားလမ်း၊ နောက်ပြီးတော့ မြစ်ကြီးနား- ဗန်းမော်-မန္တလေးလမ်းလည်းဒီလမ်းပဲ မိန်းလမ်းကိုး၊ ကွင်းစရာလမ်းမကြီးတွေကထူးထူးခြားခြားမရှိဘူး။  ဒီဘက်ခြမ်းမှာ တံတားကောင်းကောင်းရှိတာဆိုလို့ဒါပဲရှိတာ၊၊” လို့ မြို့သစ်ဒေသခံတစ်ဦးကပြောပါတယ်။ 

တာပိန်မြစ်ကူးတံတားတည်ဆောက်ထားတဲ့ နေရာဟာ မြစ်ရေစီးကြမ်းသလို ကျောက်ဆောင်တွေနဲ့ပြည့်နေတာကြောင့် ကူးလူးသွားလာဖို့ ခက်ခဲတယ်လို့ သိရပါတယ်။  

ဗန်းမော်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ စစ်ကြောင်းတချို့နဲ့ KIA+PDF ပူးပေါင်းတပ်တွေတို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။ 

ဗန်းမော်မြို့ပေါ်နဲ့ အနီးတဝိုက်ကို စစ်တပ်က ထိန်းချုပ်ထားပြီး မိုးမောက်၊ မံစီ၊ လွယ်ဂျယ်၊မြို့သစ်၊ ဒေါ့ဖုန်းယန် စတဲ့မြို့တွေကိုတော့ KIA+PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *