
အောက်တိုဘာ ၂၁ ၊ မြစ်ကြီးနား
ရှမ်းနီ လူမျိုးအမည်ရဲ့ အမည်မှန်ကို လွှတ်တော်မှာ ဆွေးနွေးအတည်ပြုနိုင်ရေးအတွက် စာပေယဉ်ကျေးမှုအဖွဲ့တွေနဲ့ ကချင်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီတို့ကြား တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
“ လူမျိုးအမည်မှန်ပါ့အေး၊ ကိုယ့်ရဲ့လူမျိုးအမည်မှန်ကို တင်သွင်းနိုင်ဖို့အတွက် တိုင်းလိုင်၊ ရှမ်းနီ အဲ့လိုမျိုးတွေကို၊ ညှိနေတုန်းပါ့၊ အဆင်မပြေသေးဘူး” လို့ အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ မိုးညှင်းခရိုင် စာ/ယဉ်ကော်မတီတစ်ဦးက ပြောပြပါတယ်။
လူမျိုးအမည်မှန်ကို ပြောင်းလဲအတည်ပြုပေးနိုင်ရေး ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းနီ စာပေနဲ့ယဉ်ကျေးမှု ကော်မတီတွေနဲ့ လွှတ်တော်ကော်မတိီတို့ကြား ဆွေးနွေးခဲ့ကြတာပါ။
သို့ပေမယ့်လည်း လူမျိုးအမည်မှန်ကို အတည်ပြုနိုင်ရေးအတွက် စာယဉ်ကော်မတီတွေကြား သဘောထားကွဲလွဲမှုတွေရှိနေပြီး ဆက်လက်ညှိနှိုင်းဖို့လိုအပ်နေသေးတယ်လို့ တက်ရောက်သူတွေကပြောဆိုကြပါတယ်။
“ပါပါ့ဒေါ်ခင်ပြုံးရည်တို့က ကချင်ပြည်နယ် တိုင်းလိုင်စာပေယဉ်ကျေးမှုက တစ်ဖွဲ့ပေါ့နော့် ၊ မိုးညှင်း၊မိုးကောင်း၊မြစ်ကြီးနား၊ဝိုင်းမော်အဖွဲ့က တော်တော်များများက ညီလာခံဆုံးဖြတ်ချက်နဲ့ “ရှမ်းနီ”လို့ပြင်ဖို့အတွက်ကို ဆွေးနွေးတာကတစ်ဖွဲ့ပေါ့ ၊ ဘယ်ဟာမှ အတည်မပြုနိုင်ခဲ့ဘူးပေါ့နော်” လို့ မြစ်ကြီးနားမြို့မှ တက်ရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်ထဲက ဗဟို တိုင်းလိုင်စာပေနဲ့ယဉ်ကျေးမှု ကော်မတီက (တိုင်းလိုင်) ဆိုတဲ့အမည်ကိုသာ အတည်ပြုနိုင်ရေး လုပ်ဆောင်နေသလို ရှမ်းနီအမျိုးသားညီလာခံက ဆုံးဖြတ်ချက်ဖြစ်တဲ့ “ရှမ်းနီ” ဆိုတဲ့အမည်နဲ့ အတည်ပြုရေးအတွက် တခြားစာပေနဲ့ယဉ်ကျေးမှုကော်မတီတွေက လုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။
ရှမ်းနီစာပေနဲ့ယဉ်ကျေးမှုကော်မတီတွေကတော့ မကြာခင် နောက်ထပ်ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်လွှတ်တော်မှာ တိုင်းရင်းသားလူမျိုးတွေရဲ့အမည်မှန်ကို အတည်ပြုမှုတွေရှိနေကာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၇) ရက်နေ့က ကချင်ပြည်နယ်လွှတ်တော်ကနေ လီဆူတိုင်းရင်းသား လူမျိုးအမည်မှန် (စာလုံးပေါင်း)ကို အတည်ပြုခဲ့ပြီလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာကော်မတီဟာ ကချင်ပြည်နယ်ထဲက ကချင် (၆)မျိုး၊ ရှမ်း(၅) မျိုးရဲ့ စာပေယဉ်ကျေးမှုကော်မတီတွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။
