QR ကုဒ်ပွားပြီး စက်သုံးဆီခိုးထုတ်မှုတွေ ဆက်တိုက်ဖြစ်ပွားပေမယ့် ဖြေရှင်းပေးနိုင်ခြင်းမရှိ 

အောက်တိုဘာ ၂၀၊ မန္တလေး

QR ကုဒ်နဲ့ စက်သုံးဆီဖြည့်ရတဲ့ ပြည်တွင်းကမြို့နေရာအများအပြားမှာ  QR ကုဒ်ပွားပြီး စက်သုံးဆီခိုးထုတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပေမယ့်လည်း  သက်ဆိုင်ရာက ဖြေရှင်းပေးနိုင်ခြင်းမရှိဘူးလို့ ယာဉ်အသုံးပြုသူတွေကပြောပါတယ်။ 

လက်ရှိ စက်သုံးဆီအရောင်းဆိုင်များမှာ ကျင့်သုံးနေတဲ့ ယာဉ်သက်သေခံအမှတ် QR Code / Barcode(ဘားကုဒ်) စနစ်နဲ့ ယာဉ်နံပတ် စုံ၊ မ ဂဏန်းဖြင့် ဆီဖြည့်သွင်းရတဲ့စနစ်အပေါ်  ယာဉ်ပိုင်ရှင်များရဲ့ QR ကုတ်အပွားယူပြီး ဆီခိုးထုတ်ခံနေရတဲ့ ပြဿနာဟာ ပိုမိုဖြစ်ပွားလာပါတယ်။

ဒီလုပ်ရပ်တွေအပေါ်  အရေးယူနိုင်ခြင်းမရှိဘူးလို့ မန္တလေး ဒေသခံများထံမှ သိရပါတယ်။

“ ဆီဆိုင်တွေကလုပ်တယ်ထင်တာပါပဲ။  ပွားထားတာ လက်ရှိမူရင်းလိုင်စင်၊ ဆိုင်ကယ်နံပတ်နဲ့ QR ကို ဆီဆိုင်တွေကပွားထုတ်ပြီးရောင်းစားထားတာ QR ဈေးကွက်တောင်ရှိသေးတယ် ။ QR ရောင်းတယ်ပေါ့ စုံတွေ မ တွေနဲ့ကိုယ်ကြိုက်တာ ဝယ်လို့ရတယ်၊ တစ်ခု ၅ သောင်းဆိုလား” လို့ မြို့ပေါ်ဒေသခံတစ်ဦးကပြောပြပါတယ်။

ယာဉ်ပိုင်ရှင်များအနေနဲ့ ဆီဆိုင်မှာ သွားရောက်ဖြည့်သွင်းချိန် မိမိရဲ့ ထည့်သွင်းရမယ့် ဆီပမာဏ ကုန်ဆုံးနေတာ(သို့မဟုတ် )အခြားသူက မိမိနံပတ်နဲ့ ဆီထုတ်ယူသွားတာမျိုးတွေကို ကြုံနေရတာဖြစ်ပါတယ်။

ဆီဆိုင်ဝန်ထမ်းများကလည်း QR ကုဒ်ကို Scan (စကန်) ဖတ်တဲ့အခါ စနစ်ထဲနဲ့ အပြင်ကယာဉ်နံပါတ် ကိုက်ညီမှု ရှိ၊ မရှိကို သေချာစွာစိစစ်မှုတွေမရှိဘူးလို့  လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေရှိနေတာပါ။

ဒါ့အပြင် သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) ရုံးများအနေနဲ့လည်း သတ်မှတ်ထားတဲ့ အထောက်အထား(၅ )မျိုးနဲ့ လျှောက်လွှာမှန်ကန်မှုရှိမှသာ မူရင်းထုတ်ထားတဲ့ QR Code ကိုပိတ်သိမ်းပြီး အသစ်ပြန်လည်ထုတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။  

အဲဒီလို ထုတ်ပြန်ထားပေမဲ့ ဖြေရှင်းမှုပြုလုပ်ပေးတဲ့ အချိန်ကြာမြင့်တာတွေကြောင့် နေ့စဉ်ယာဉ်အသုံးပြုသွားလာနေရတဲ့ ဝန်ထမ်းများနဲ့  အခြားအကြောင်းအမျိုးမျိုးကြောင့် ယာဉ်အသုံးပြုနေရသူတွေဟာ အခက်အခဲကြုံနေရတာဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *