
အောက်တိုဘာ ၁၆ ၊ ထီးချိုင့်
ထီးချိုင့်-ကသာလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကုန်တင်ကားများ အလုအယက် ဖြတ်သန်းရာမှ မြတောင်လမ်းဆုံတွင် ယာဉ်ကြောနှစ်ထပ် ပိတ်ဆို့နေပြီး အလှည့်ကျစနစ်နဲ့ ဖြတ်သန်းနေရတယ်လို့ သိရပါတယ်။
” ကားတွေက လမ်းဖွင့်သွားပြီဆိုတော့ အတင်းမောင်းကြတာ ကားလမ်းက နှစ်လမ်းသွားပါဆို အခုက နှစ်လမ်းစလုံး ကားတွေကပြည့်လို့ ဆိုင်ကယ်တောင် မနဲကွင်းသွားရတာ ဒါကြောင့် စစ်တပ်ကလမ်းရှင်းပေးနေရတာ”လို့ ဒေသခံအမျိုးသမီး တစ်ဦးက အခုလိုပြောပြပါတယ်။
မန္တလေးကနေ တက်လာတဲ့ကုန်ကားတွေဟာ မြတောင်လမ်းဆုံမှာ ပိတ်မိနေတာ တစ်လကျော်ကြာမြင့်နေတာလို့ သိရပါတယ်။
အချို့ကုန်တင်ယာဉ်တွေ မန္တလေးဘက်ကို နောက်ပြန်လှည့်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
အခုစစ်တပ်ကတော့ ရက်ကြာမြင့်နေတဲ့ကားတွေကို ဦးစားပေး စီစဉ်ဆောင်ရွက်ပေးနေပြီး ကားတွေကိုလည်း သေချာသွားလာနိုင်အောင် ပြုလုပ်နေတယ်လို့သိရပါတယ်။
ဒါ့အပြင် မန္တလေးကနေ ထီးချိုင့်မြို့သို့ မောင်းနှင်လာတဲ့ခရီးသည်တင်ယာဉ်တစ်ချို့ဟာလည်း မြတောင်လမ်းဆုံ မောင်ကုန်းကျေးရွာအနီးမှာ တစ်ညကြာမြင့်ခဲ့တယ်လို့ ခရီးသည်အမျိုးသမီးတစ်ဦးကဆိုပါတယ်။
” ကားတွေကအများကြီးဆိုတော့ တိုးလို့မပေါက်တော့ဘူး မောင်းကုန်းအကျော်မှာရောက်နေပြီး ဘယ်လိုမှသွားလို့မရတော့ ဂိတ်ကလည်းပိတ်တော့ အဲမှာပဲအိပ်လိုက်ရတာပါ”လို့ခရီးသည်အမျိုးသမီးကပြောပြပါတယ်။
ဒီလို ကသာ-ထီးချိုင့် ခရိုင်ချင်းဆက်လမ်းတွေကို ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပေမယ့် လမ်းပိုင်းတစ်ချို့ ပျက်စီးမှုများရှိနေသေးတယ်လို့ ယာဉ်မောင်းတွေထံမှ သိရပါတယ်။
ထီးချိုင့်-ကသာလမ်းပိုင်းဟာ မိုင်ပေါင်း ၃၂ မိုင်အထိရှိပြီး ထီးချိုင့်နယ်အတွင်းက လမ်းတွေကိုကျောက်ခဲကြမ်းများခင်းထားပြီး ကသာနယ် အနီးတစ်ဝိုက်မှာတော့ ကွန်ကရစ်လမ်းများသာဖြစ်တယ်လို့သိရပါတယ်။
၂၀၂၅ ခုနှစ် မှာ ကသာ-ထီးချိုင့်လမ်းပိုင်းကို စစ်ယာဉ်တန်းများနဲ့အတူ ဖြတ်သန်းခွင့်ပြုခဲ့ပြီး လပိုင်းသာသွားလာလို့ရခဲ့ကာ အခု နောက်ထပ်ပြန်လည်ဖွင့်လှစ်ပေးတာလည်း ဖြစ်ပါတယ်။
