ဟုမ္မလင်းမြို့နယ်မှာ အချိန်သတ်မှတ်ချက် နဲ့ (၂ )လအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထား

ဟုမ္မလင်းမြို့ရှိ စျေးတစ်ခုကိုတွေ့ရစဉ်/SNV

အောက်တိုဘာ ၂၂၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြိုနယ်မှာ  ညမထွက်ရအမိန့်အပြင် လူ (၅) ဦးနဲ့  (၅) ထက်ပိုပြီးလူစုဝေးခြင်းမပြုကြရန် အောက်တိုဘာ(၁၅) ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးကထုတ်ပြန်ထားလာပါတယ်။

“ ထွက်တဲ့ လူတွေတော့ ရှိပါတယ်။ဒါပေမဲ့ အခုဆိုရင်တော့ကြာလှပါပြီ ညမထွက်ကြတာတော့ တော်တော်များများတော့ မထွက်ကြပါဘူးမိုးချုပ်ပြီဆိုတာနဲ့ မထွက်ကြတော့ဘူး” လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

အခုလိုထုတ်ပြန်ရခြင်းဟာ မြို့နယ်အတွင်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေပြီး စိုးရိမ်ရတဲ့ လုပ်ဆောင်မှုတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ စာထဲပြောထားပါတယ်။

ည ၁၁ နာရီကနေ မနက် ၄ နာရီ အတွင်းပိတ်ပင်ထားပြီး အများပြည်သူသွားလမ်းပိုင်းများနဲ့ ဒေသ အတွင်း  စုဝေးခြင်း၊ဟောပြောခြင်း၊ ယာဉ်များဆူညံစွာမောင်းနှင်ခြင်းနဲ့ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများ မပြုလုပ်ကြဖို့ တားမြစ်ထားတယ်လို့သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၁၄ ရက်နေ့အတွင်း ၂ လဝန်းကျင်အထိ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း စစ်တပ်နဲ့  ရှမ်းနီအမျိုးသားများတပ်မတော် (SNA)အဖွဲ့များက လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစလို့ အဆိုပါမြို့နယ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေများအရ ညမထွက်ရအမိန့်နဲ့ အချိန်ပြောင်းလဲသတ်မှတ်ခြင်းများကို အနည်းဆုံး ၃ ကြိမ်ထက်မနည်း အပြောင်းအလဲပြုလုပ်ပြီး ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ဟုမ္မလင်းမြို့နယ် နယ်ချင်းထိစပ်နေတဲ့ ဖားကန့်မြို့ ၊ ဗန်းမောက်၊ ဖောင်းပြင်၊ ပင်လည်ဘူးမြို့တွေဟာလည်း စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရအမိန့် အသီးသီးထုတ်ပြန်ထားပါတယ်။ 

ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့အပါအဝင် ကျေးလက်ဒေသတချို့ကို KIA+PDF တပ်တွေနဲ့ NUG တပ်တွေက ထိန်းချုပ်စိုးမိုးထားဆဲဖြစ်ပြီး နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *