
အောက်တိုဘာ ၂၂ ၊ ဆော်ဒီ
ဆော်ဒီအာရေဗျနိုင်ငံအပေါ် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ပြင်းထန်လာပြီးနောက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာ ဆော်ဒီအာရေဗျနိုင်ငံကို ရုတ်တရက် သွားရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ပြင်းထန်လာပြီးနောက် ဆော်ဒီအာရေဗျကို ပထမဆုံး သွားရောက်တဲ့ အနောက်နိုင်ငံခေါင်းဆောင်တစ်ဦးရဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
မက်ခရွန်ဟာ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်မှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်နဲ့ တွေ့ဆုံခဲ့ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာအခြေအနေတွေအပြင် လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆော်ဒီနိုင်ငံပိုင် SPA သတင်းဌာနက အောက်တိုဘာ ၂၁ ရက်မှာ ဖော်ပြပါတယ်။
အခုခရီးစဉ်မတိုင်ခင်မှာလည်း ပြင်သစ်နိုင်ငံအတွက် ဒီဇယ်ဆီ အပိုထောက်ပံ့ပေးဖို့ ဆော်ဒီအာရေဗျက သဘောတူထားပါတယ်။
လိုအပ်တဲ့ လအရေအတွက်အတိုင်း ဒီဇယ်ဆီထောက်ပံ့ပေးသွားမယ်လို့ ပြင်သစ်သမ္မတရုံးက AFP သတင်းဌာနကို ပြောပါတယ်။
တစ်ဖက်မှာလည်း ပြင်သစ်နိုင်ငံအတွင်း လူနေမှုစရိတ်ကြီးမြင့်လာတာကြောင့် ဆန္ဒပြမှုတွေနဲ့ အဓိကရုဏ်းတွေ ရက်အတန်ကြာ ဖြစ်ပွားနေပါတယ်။
ပြင်သစ်နိုင်ငံအတွင်းမှာ မက်ခရွန်ရဲ့ ပင်လယ်ကွေ့ဒေသခရီးစဉ်အပေါ် ဝေဖန်မှုတွေ ရှိနေချိန်မှာ မက်ခရွန်ကတော့ သူ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ကို လုပ်ဆောင်နေတာဖြစ်ပြီး ဓာတ်ဆီဈေးနှုန်းကြောင့် ဖြစ်ပေါ်နေတဲ့ လူမှုရေးတင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ ဆော်ဒီအာရေဗျနဲ့ ပြင်သစ်နိုင်ငံတို့အကြား သွေးစည်းညီညွတ်မှုရှိကြောင်း ပြသဖို့နဲ့ စွမ်းအင်ထောက်ပံ့မှုတွေကို ပိုမိုလုံခြုံစိတ်ချရပြီး အရင်းအမြစ်တစ်ခုတည်းအပေါ် မှီခိုမှုလျော့နည်းစေဖို့ ရည်ရွယ်တယ်လို့ ပြင်သစ်သမ္မတရုံးက ပြောပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပွဲအခြေအနေအပြင် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားတာကြောင့် စွမ်းအင်လောင်စာဆီစျေးနှုန်းတွေလည်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။
