
အောက်တိုဘာ ၂၃ ၊ အင်းတော်ကြီး
ဒီနှစ် မိုးစပါးနဲ့ နွေစပါးတို့ကို ရောင်းဝယ်တဲ့နေရာမှာ အခြေခံအနည်းဆုံး ရည်ညွှန်းစပါးစျေးအတွက် စပါးတစ်တင်း ကျပ်(၁၃၅၀၀) စျေးနဲ့ဝယ်ယူ ရောင်းချ ရမယ်လို့ အောက်တိုဘာ( ၂၁) ရက်နေ့ရက်စွဲနဲ့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က သတ်မှတ်ခဲ့ပါတယ်။
ဒါဟာ မနှစ်ကထက် တစ်တင်းကို ကျပ်နှစ်ထောင်စျေးနှုန်းတိုးမြှင့်ပေးခဲ့တာဖြစ်ပြီး တင်း (၁၀၀)ကို ကျပ်ဆယ့်သုံးသိန်းခွဲ (၁,၃၅၀,၀၀၀) သတ်မှတ်လိုက်တာကြောင့် အခု ၂၀၂၆ -၂၀၂၇ ခုနှစ် စပါးရည်ညွှန်းစျေးကို ၂၀၂၅ ခုနှစ်ကထက် နှစ်သိန်းကျပ် တိုးမြှင့်လိုက်တာပါ။
မနှစ်က စပါးအခြေခံရည်ညွှန်းစျေးကို ကျပ် ဆယ့်တစ်သိန်းခွဲ (၁,၁၅၀,၀၀၀) သတ်မှတ်ခဲ့တာပါ။
ဒါ့အပြင် တကယ်လို့ စျေးကွက်ပေါက်စျေးက အခုရည်ညွှန်းစျေးထက် များနေရင် ပေါက်စျေးအတိုင်း ဝယ်လို့ရပြီး ဒါပေမယ့် အနိမ့်ဆုံးစျေးကိုတော့ အခုသတ်မှတ်ရည်ညွှန်းစျေးအောက် လျော့ဝယ်လို့မရဘူးလို့ သတိပေးထားပါတယ်။
စပါးအများဆုံး စိုက်ပျိုးတဲ့ မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာ စပါးအသစ် မထွက်သေးပေမယ့် ကောက်ဟောင်း ဝယ်ယူမယ့် စပါးကုန်သည်တွေ ရှိနေပြီး စျေးနှုန်းမြင့်တက်နေတယ်လို့ တောင်သူတွေထံကနေ သိရပါတယ်။
” အခုရွာထဲဝယ်တဲ့သူရှိပါတယ် မှော်ကြီး( ဖားကန့်)ဘက်ကိုပို့တာ အင်းအရှေ့ဘက်ကမ်းက နမ့်မော်ကန်၊ရွာသစ် ရွာဘက်ကတွေ လာဝယ်ကြတယ် ဝယ်ပြီးကြိတ်ကြတယ်၊ ကြိတ်ပြီးသားဆန်ကို မှော်ကြီး(ဖားကန့်ကျောက်စိမ်းတူးဖော်တဲ့နေရာ) ဘက်ကသူတို့ဆီလာပြန်ဝယ်တာလေ၊ အိတ်လုံးရေ ဘယ်နှစ်ရာလောက်ရချင်တယ်ဆိုပြီးလာမှာတော့ ဟိုတလောက စျေးတွေချက်ချင်းတက်လာတာ ” လို့ အင်းတော်ကြီးဒေသ၊ အင်းအရှေ့ဘက်ကမ်းရှိ စပါးစိုက်တောင်သူတစ်ဦးက အခုလိုပြောပြပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ စပါးကောက်ဟောင်း ဆင်းဧကရီ-၃ အရပ်အခေါ် (ချင်းသုံး) စပါးတစ်တင်းကို သုံးသောင်းကျပ်အထိ စျေးရရှိခဲ့ပေမယ့် အခုရက်ပိုင်းတွေမှာ စျေးအနည်းငယ်လျော့ကျလာပြီး နှစ်သောင်းခွဲကျပ်ဖြင့်သာ ကုန်သည်တွေဝယ်ယူနေကြကြောင်း သိရပါတယ်။
ဒါပေမယ့် တောင်သူတွေအနေနဲ့ မနှစ်ကထက်တော့ စျေးပိုမိုရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ စပါးတစ်တင်းကို ကျပ်တစ်သောင်းကျော်နဲ့သာ ရောင်းချခဲ့ကြရတာပါ။
၂၀၂၅ ခုနှစ်က အင်းတော်ကြီးဒေသအတွင်းကို ကုန်သည်တွေဝင်ရောက်မှုမရှိခဲ့တာကြောင့် ဝယ်လက်တွေရှားပါးခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်နောက်ပိုင်းကနေစပြီး ဒေသတွင်းမှာ တိုက်ပွဲတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နယ်မြေမတည်မငြိမ်ဖြစ်နေသလို မိုးညှင်းမြို့နဲ့ ကူးသန်းနိုင်တဲ့ လမ်းပိုင်းတွေကို ပိတ်ပင်ထားတာ တစ်နှစ်နီးပါး ကြာမြင့်လာပါတယ်။
ဒါကြောင့် ဖားကန့်မြို့နယ်နဲ့ ကူးသန်းရောင်းဝယ်မှုတွေ ပိုမိုပြုလုပ်နေရတာလည်း ဖြစ်ပါတယ်။
