မိုးညှင်းမြို့မှာ ရာသီတုတ်ကွေး ဖျားနာမှုတွေ ဖြစ်ပွားနေ 

မိုးညှင်းမြို့ရှိ ကုတင် (၁၀၀) ဆေးရုံကိုတွေ့ရစဉ်/SNV

အောက်တိုဘာ ၂၈ ၊ မိုးညှင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အတွင်းမှာ အခုရက်ပိုင်းတွေအတွင်း ရာသီအကူးအပြောင်းကြောင့် ရာသီတုတ်ကွေးဖျားနာတာတွေ ခံစားနေကြရတယ်လို့  ဒေသခံများထံမှ သိရပါတယ်။

“တစ်မြို့လုံးဖျားနေကြတာ ဟုတ်တယ် ၊ဆေးခန်းတွေမှာ အများကြီးဖျားတဲ့သူတွေ ၊ကျန်းမာရေးဆရာမတွေက ပြောနေတာ ရာသီဥတုဖောက်ပြန်တော့ အကုန်ဖျားနေကြတာတဲ့ ၊တုတ်ကွေးလို့လည်းပြောတယ် တစ်ယောက်ဖြစ်ရင်ကူးပြီ တစ်အိမ်လုံး၊ အိမ်မှာလည်းကလေးတွေ ဖျားနေကြတာ ” လို့ မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက အခုလိုပြောပြပါတယ်။

ဖျားနာမှုဖြစ်ပွားရင် သုံးရက်အထိ ပုံမှန်ကြာမြင့်တတ်ပြီး အချို့ကိုယ်ခံအားနည်းပါးသူတွေက နှစ်ပတ်နီးပါးအထိ ဖြစ်ပွားနေကြောင်း ဆိုကြပါတယ်။

ခန္တာကိုယ် အဆစ်နေရာတွေ ကိုက်ခဲတာ ၊နာကျင်တာနဲ့  ချမ်းတုန်တာတွေကို ခံစားနေကြရတယ်လို့ သိရပြီး ဆေးသောက်တာနဲ့မပျောက်ကင်းဘဲ ဆေးထိုးမှ သက်သာပျောက်ကင်းတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တစ်ကြိမ်ဖျားနာပြီး အရှင်းပျောက်ကင်းသွားတာမျိုးမဟုတ်ဘဲ မကြာခန ရက်ခြားပြန်လည်ဖြစ်ပွားနေတာတွေလည်း ရှိနေပါတယ်။

” ရွာဘက်မှာလည်း ဖျားကြတယ် တစ်ရွာလုံးပဲတဲ့ ၊ကိုက်တယ်ခဲတယ် အဆစ်အမြစ်တွေ ကိုက်တာ ၊ချမ်းလည်းချမ်းတယ် အဖျားတက်တယ် ဖျားလိုက်ကောင်းလိုက်နဲ့ပါ့ ၊ တစ်ခါတစ်ခါဖျားရင် သုံးရက်လောက်ကတော့ကြာတယ် ၊ဆေးထိုးမှပျောက်တာ  ” လို့ မိုးညှင်းမြို့နဲ့ အနီးကျေးရွာအတွင်း နေထိုင်သူတစ်ဦးက ဆိုပါတယ်။

ရာသီတုတ်ကွေးဖြစ်ပွားမှုဟာ လူစုလူဝေးတွေကနေ အလွယ်တကူကူးစက်နိုင်တာကြောင့် စာသင်ကျောင်းတွေမှာ ကူးစက်ဖြစ်ပွားမှုများပြားနေတာလည်း ဖြစ်ပါတယ်။

မိုးညှင်းမြို့အပြင် အနီးတစ်ဝိုက်ကျေးရွာတွေနဲ့ အင်းတော်ကြီးဒေသမှာလည်း ရာသီဖျားနာတာတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အများအားဖြင့် ကိုယ်ခံအားနည်းပါးတဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတို့အဖြစ်များနေကြတာလည်း ဖြစ်ပါတယ်။ 

အခုလို ရာသီတုတ်ကွေးဖြစ်ပွားမှုမှ ကာကွယ်နိုင်အောင် တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ခြင်း၊ တုတ်ကွေးကာကွယ်ဆေးထိုးနှံခြင်း၊ ည အိပ်ရေးဝအောင် အိပ်စက်ခြင်း၊ ကိုယ်ခံအားကောင်းမွန်အောင်နေထိုင်ခြင်း ၊ရေဓာတ်ပြည့်ဝ စေဖို့ မကြာခနရေသောက်ပေးခြင်းများနဲ့ လူစုလူဝေးနေရာတွေ ရှောင်ကြဉ်ဖို့ ကျန်းမာရေးဌာနတွေက ညွှန်ကြားမှုတွေ ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *