မိုးညှင်းမြို့မှာ တရုတ်ထုတ် ပင်လယ်စာနဲ့ စားသောက်ကုန်တွေကို ရောင်းချမှုပိတ်ပင်

မိုးညှင်းမြို့မစျေးကြီးကိုတွေ့ရစဉ်/SNV

နိုဝင်ဘာလ ၂ ၊ မိုးညှင်း

ကချင်ပြည်နယ်၊မိုးညှင်းမြို့အတွင်းမှာ တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ပင်လယ်စာတွေနဲ့ အသားတု များကို ပြီးခဲ့တဲ့ သီတင်းပတ်ကနေ ရောင်းချခွင့်ပိတ်ပင်ထားတယ်လို့  မြို့ပေါ်နေထိုင်သူများမှ သိရပါတယ်။

“ပင်လယ်စာတွေ ဖမ်းနေတာ ၊ပင်လယ်စာရောင်းတဲ့ ဆိုင်ကြီးတွေမှာ  ဖမ်းနေတာ၊ ဘာကြောင့်ဖမ်းနေတယ်ဆိုတာ မသိဘူး၊ အခုအရောင်းတွေနားထားရတာလေ ၊ ပင်လယ်စာအတုကောအစစ်ကောပါတယ် ၊  ကားမဝင်တော့ ဆိုင်ကယ်နဲ့ကဲ့သယ်ကြတာရှိတယ်လေ အဲဆိုင်ကယ်နဲ့သယ်တဲ့သူတွေကိုပါ လမ်းမှာတွေ့ရင်ဖမ်းတယ်” လို့  စိမ်းတောင်ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောပြပါတယ်။

ရှမ်းနီအသံမှ စုံစမ်းထားမှုအရ လက်ရှိမိုးညှင်းမှာ  ရေခဲရိုက် ပင်လယ်စာတင်သွင်းလာတဲ့ ယာဉ်ကြီး သုံးစီးကိုလည်း ဖမ်းဆီးထားသလို တရုတ်ပင်လယ်စာမျိုးစုံရောင်းဝယ်ရေး ဒိုင်တွေမှာလည်း ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ရောင်းချမှုပိတ်ပင်ထားတဲ့အထဲ ပုစွန်၊ ဂဏန်း၊ ပြည်ကြီးငါး ၊ရေဘဝဲ တွေအပါအဝင် ပင်လယ်စာအသားအစစ်အားလုံးနဲ့ အသားတုတွေအပြင် တရုတ်အသားတုမုန့်မျိုးစုံလည်း ပါဝင်တယ်လို့ သိရပြီး ပိတ်ပင်မှုအကြောင်းအရင်းကိုတော့ မသိရှိရပါဘူး။

“ အခုက တရုတ်ပစ္စည်းပဲအကုန် သုံးစွဲနေရတာလေ ၊ဖျော်ရည်ကအစ တရုတ်ကနေဝင်တာ ၊ အရင်က ယိုးဒယားမုန့်တွေဆို အခုတရုတ်လုပ်တာ နာပါတီ မုန့်ဆိုလည်း တရုတ်ထုတ်ဘဲ ၊ မုန့်တွေဆို အရှေ့မှာသာ ယိုးဒယားစာရေးထားတာ အနောက်မှာဆို တရုတ်စာနဲ့၊မိုးညှင်းတစ်မြို့လုံးက တရုတ်ကဝင်တဲ့ ဟာတွေဘဲလေ  “လို့  အရှေ့စုရပ်ကွက်ရှိ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဒါတွေအပြင် တရုတ်ပြည်မှ  ကြက်ဥ ၊ ကြက်သား ဘဲသား ရေခဲရိုက်အသားများ ၊အသီးအနှံများနဲ့  အဝတ်အထည်တွေအပြင် ဘုရားပန်းတွေလည်း ဝင်ရောက်မှုရှိပါတယ်။

” ဘုရားပန်းမှအစ တရုတ်ထုတ်ပါဆို၊ ကြက်သားအသေကောင် ဘဲသားအသေကောင်တွေ အကုန်သွင်းတာ ၊အသားတွေဆို အရိုးမများ အသားကြီးဘဲ စားရမှာတောင်ကြောက်တယ် ” လို့ မြို့ခံ တစ်ဦးကဆိုပါတယ်။ 

ဒါပေမယ့် အခြေခံ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်း ကနေ လူသုံးကုန်ပစ္စည်းအားလုံးဟာ   စျေးချိုပြီး အရည်အသွေးမပြည့်မှီဘူးလို့ ဒေသခံများက ပြောပါတယ်။

အခုတရားဝင်ဖွင့်လှစ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ် ဝိုင်းမော်မြို့နယ် ကန်ပိုင်တည်အပြင် နှစ်ဖက်နားလည်မှုနဲ့  လွယ်ဂျယ်မြို့ကနေ မြစ်ကြီးနားမြို့သို့  ကုန်စည်တွေတင်သွင်းပြီး အဲကနေတစ်ဆင့်  မိုးညှင်းမြို့နယ်ဘက် ဝင်ရောက်လာတာပါ။

ကချင်ပြည်နယ်က တရုတ်နယ်စပ်အဝင်အထွက် ကုန်သွယ်ရေးစခန်းကို ဩဂုတ်လမှာဖွင့်ခဲ့ပြီး  တစ်လအကြာမှာ အမေရိကန်ဒေါ်လာ ၂ သန်းကျော် ကုန်သွယ်ထားနိုင်ခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *