ဟုမ္မလင်းက သောင်ဦးတိုက်ပွဲကြောင့် စစ်ဘေးရှာင် သုံးထောင်ကျော်ရှိပြီး ဥရုမြစ်ကမ်းဘေးမှာနေထိုင်နေရ 

ဟုမ္မလင်းမြို့နယ် သောင်ဦးတိုက်ပွဲကြောင့် စစ်ဘေးရှောင်လာရသူများနေထိုင်နေသည့်နေရာကိုတွေ့ရစဉ်/SNV

နိုဝင်ဘာ ၄၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်နဲ့ဖားကန့်မြို့နယ်စပ်က ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ KIA+PDF ပူးပေါင်းတပ်တွေရဲ့တိုက်ပွဲကြောင့် စစ်ရှောင် သုံးထောင်ကျော်ရှိတယ်လို့ ကူညီစောင့်ရှောက်ပေးနေသူတွေဆီကနေ သိရပါတယ်။ 

ဟုမ္မလင်းမြို့နယ်ထဲ  သောင်ဦးကျေးရွာ၊ သဲစလောက်ကျေးရွာ ၊ ရေပေါ်မီးကျေးရွာ နဲ့ ရာလာကောင်းကျေးရွာတွေက ဒေသခံ အိမ်ထောင်စု ၅၀၀ ကျော်ဟာ ဥရုမြစ်ရိုးတစ်လျှောက်ရှိ ကမ်းနံဘေးသို့  စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။

“စစ်ရှောင်တွေကတော့ ရွှေမျောအလုပ်သမားတွေ များပါတယ်။ ကမ်းနံဘေးမှာ တစ်လျှောက်လုံးပဲ လူဦးရေ ထောင်ဂဏန်းလောက်တော့ ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ရှောင်လာသူအများစုမှာ ရွှေမျောအလုပ်သမားများ ဖြစ်ပြီး ဥရုမြစ်ရိုးတစ်လျှောက်ရှိ ကမ်းနံဘေးများတွင် မျောကမ်းကပ်ဆိုက်ကာ မိုးကာတဲများထိုးပြီး ခိုလှုံနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

လှည်းဝိုင်းကျေးရွာနဲ့ သဲဟင်းကျဲကျေးရွာများရှိ နီးစပ်ရာ ဆွေမျိုးများအိမ်တွင် လာရောက်ခိုလှုံနေကြတဲ့ သူတွေလည်း ရှိတယ်လို့ ဆိုထားပါတယ်။

စစ်ရှောင်လာသူ ဦးရေ ၃၀၀၀ ကျော်၊ အိမ်ထောင်စု ၅၀၀ ကျော်ဟာ နေထိုင်ရေးနဲ့ စားဝတ်နေရေး အခက်အခဲများစွာ ကြုံနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ရှောင်လာသူများကို ရှမ်းနီအမျိုးသားများတပ်မတော် SNA၊ တပ်မဟာ (၉၇၂) က  မနေ့က နိုဝင်ဘာလ ၃ ရက်နေ့မှာ အိမ်ထောင်စု (၁) စုကို ဆန် (၃) ပြည်နှုန်းနဲ့  လိုအပ်တဲ့ စားနပ်ရိက္ခာများကို သွားရောက်ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ပထမအပတ်မှစကာ အဆိုပါ ဥရုမြစ်ရိုးတစ်လျှောက်ဒေသက သောင်ဦးကျေးရွာနဲ့ တာမယ်ပုတ်ကျေးရွာ အနီးတစ်ဝိုက်မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ KIA + PDF ပူးပေါင်းအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာ (၁) လ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *