
ဩဂုတ် ၆ ၊ နေပြည်တော်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)တချို့တွေက သူတို့စိုးမိုးတဲ့နေရာတွေမှာ လက်နက်စက်ရုံတွေတည်ထောင်ပြီး တော်လှန်ရေးတပ်ဖွဲ့များကို ကူညီထောက်ပံ့ပေးမှုများပြုလုပ်နေကြတယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့က သြဂုတ်လ(၅)ရက်နေ့မှာ ပြောဆိုလာပါတယ်။
စစ်တပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ကိုးကန့်တပ်နှင် ပူးပေါင်းတပ်ဖွဲ့တွေကို သိမ်းပိုက်ပြီးတစ်ရက်အကြာမှာ စစ်ကောင်စီက နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအခြေအနေများအကြောင်း မိန့်ခွန်းတစ်ရပ်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ကူညီပေးနေတဲ့ EAO အဖွဲ့အစည်းတွေရဲ့ နာမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါဘူး။
တရုတ်-မြန်မာနယ်စပ်က EAO တွေရဲ့နယ်မြေအချို့မှာ လက်နက်ခဲယမ်းစက်ရုံဆောက်လုပ်ထားပြီး အဲ့ဒီစက်ရုံတွေကနေ လက်နက်များ၊ ခဲယမ်းများအပြင် ဖောက်ခွဲရေးပစ္စည်းအမျိုးမျိုးထုတ်လုပ်ကာ တော်လှန်ရေးတပ်ဖွဲ့တွေကိုသာမက အခြားEAO အဖွဲ့တွေကိုပါ ရောင်းချပေးမှုတွေ ရှိနေတယ်လို့ တပ်အပ်ပြောဆိုထားပါတယ်။
ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများကြား စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်ခဲယမ်းအများစုကလည်း ဒီစက်ရုံတွေကနေ ထုတ်တာဖြစ်ပြီး စက်ရုံလည်ပတ်ဖို့ နည်းပညာနဲ့ငွေကြေးများကို မည်သို့မည်ပုံရရှိနေကြတယ်ကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဒါတင်မက မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ ကိုင်ဆောင်အသုံးပြုနေတဲ့ လက်နက်တွေဟာလည်း ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင်တင်သွင်းလာတာတွေဖြစ်ပြီး ဒရုန်းများ၊ Drop Bombများ၊ ရှော့တိုက်ဒုံးများကို နိုင်ငံခြားကြေးစား ပညာရှင်တွေနဲ့ အဆင့်မြှင့်တင်အသုံးပြုနေကြကြောင်း ဆိုထားပါတယ်။
EAO ထဲက NCAကို လက်မှတ်ရေးထိုးထားသော တစ်ချို့အဖွဲ့များနဲ့ လက်မှတ်မရေးထိုးထားရသေးတဲ့ အဖွဲ့တို့က PDF တပ်ဖွဲ့များအား စစ်သင်တန်းပေးခဲ့မှုတွေ၊ လှုံ့ဆော်ဦးဆောင်ကူညီမှုတွေကြောင့် အခုလိုနိုင်ငံမတည်ငြိမ်မှုတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့လည်း သူကထည့်သွင်းပြောထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့မြို့ပေါင်း ၇၅ မြို့အထိ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားပြီလည်းဖြစ်ပါတယ်။