MNDAA က အုပ်ချုပ်ရေးနဲ့ ဒေသခံများရဲ့မြေယာတွေကို အဓမ္မသိမ်းယူနေတယ်လို့ သျှမ်းလူငယ်ကွန်ဂရက်ဆို

မေ(၂၆)၊  ရှမ်းပြည်နယ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)ဟာ ဒေသခံတွေရဲ့ လယ်ယာမြေတွေကို အဓမ္မသိမ်းဆည်းခြင်းနဲ့ အတင်းအကြပ်ရောင်းချစေခိုင်းခြင်းတို့ကို ပြုလုပ်နေမှုများရှိနေကြောင်း သျှမ်းလူငယ်ကွန်ဂရက်(DYC) က မနေ့က ထုတ်ပြန်ပြောဆိုလာပါတယ်။

ဒီလိုလယ်ယာမြေတွေကို ရယူပြီး ဒေသခံတွေကိုမဟုတ်ပဲ အခြားနိုင်ငံသားများအား ပြန်လည်ရောင်းချတာနဲ့ လယ်ယာမြေတွေအပေါ်မှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တာအပြင် သယံဇာတတူးဖော်မှုတွေကိုပါ ကိုးကန့်တပ်ဖွဲ့က ခွင့်ပြုပေးထားတယ်လို့ ဆိုထားပါတယ်။

ဒေသခံများပိုင်ဆိုင်တဲ့ မြေယာတွေကို ဝယ်ယူရာမှာ စျေးနှိမ်ခြင်းများနဲ့ မူလပိုင်ရှင်များရဲ့ ခွင့်ပြုချက်မယူဘဲ ၎င်းတို့တပ်ဖွဲ့ကိုယ်တိုင်လည်း သယံဇာတတွေကို တူးဖော်နေကြောင်း သိရပါတယ်။

ဒေသအတွင်းအုပ်ချုပ်ရေးတွေနဲ့ ပတ်သက်ပြီးလည်း နဂိုရှိထားပြီးသား ရိုးရာယဉ်ကျေးမှုတွေကို  ကိုးကန့်မှုအသွင်ပြောင်းလဲခြင်းများ အတင်းအကြပ်လုပ်ဆောင်စေခြင်းတွေလည်းတွေ့မြင်နေရတယ်လို့ ရှမ်းလူငယ်များက ထောက်ပြထားပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ကိုးကန့်တပ် MNDAA တပ်ဖွဲ့တွေဟာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်မှာ နယ်မြေချဲ့ထွင်ခြင်းနဲ့ အုပ်ချုပ်မှုဆိုင်ရာကိစ္စတွေအတွင်း လက်နက်အင်အားကို အလွန်အကျွံသုံးလာတယ်လို့  ဆိုပါတယ်။

ဖျော်ဖြေရေးကိစ္စရပ်တွေဖြစ်တဲ့ လောင်းကစားဝိုင်းနဲ့ KTV များ ပေါများပြီး အဆမတန်ဖွင့်လှစ်ထားသလို နဂိုပညာရေးနဲ့ ယဉ်ကျေးမှုတွေနေရာမှာ အစားထိုး လွှမ်းမိုးချုပ်ကိုင်မှုများလည်း ရှိနေကြောင်း သိရပါတယ်။

ဒီလိုများပြားလှတဲ့ ပြောင်းလဲချုပ်ကိုင်မှုတွေကြောင့်  ဒေသအတွင်းမှာ လူမျိုးရေးပဋိပက္ခများဖြစ်ပေါ်နေတယ်လို့   အချက်(၁၁)ချက်ဖြင့် သျှမ်းလူငယ်ကွန်ဂရက်က ထုတ်ပြန်ဖော်ပြထားတာပါ။

ကိုးကန့်တပ်ဖွဲ့များဟာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တာကြောင့်  တရားမျှတမှုရှိတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ဖက်ဒရယ်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဆောင်ရွက်မှုတွေကိုသာ တည့်မတ်လုပ်ဆောင်ပေးဖို့ကို  DYU က တိုက်တွန်းထားပါတယ်။

MNDAA က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ဒုတိယပိုင်းအတွင်း ချင်းရွှေဟော်၊လောက်ကိုင်၊ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုး၊ သိန္နီ၊ ကွမ်းလုံ မြို့တို့ကိုသိမ်းပိုက်ခဲ့ပြီး လောက်ကိုင်ကို မြို့တော်သတ်မှတ်ကာ ကိုးကန့်အထူးဒေသ(၁)အဖြစ် သတ်မှတ်ဖို့ လက်ရှိမှာစီမံခန့်ခွဲနေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *