
မတ် ၂ ၊ ပင်လည်ဘူး
NUG ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးမြို့နယ်ထဲက လိပ္ပုတ်ရွာကို မနေ့က ည ၁၁ နာရီဝန်းကျင်အချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများပြားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ အဲ့နေရာက ပင်လည်ဘူးရဲ့ တောင်ပိုင်းဒေသလို့ပြောလို့ရတယ်။ အဲ့နေရာမှာ တော်လှန်ရေးအင်အားစုတွေ အဝင်အထွက်များတာတွေတော့ရှိပါတယ်။ တခြားရုံးတွေ ဘာတွေစိုက်တာတော့မကြားမိဘူး။ ထိခိုက်သူတွေများတယ်” လို့ ပင်လည်ဘူးဒေသခံတစ်ဦးက ပြောပါတယ်။
လိပ္ပုတ်ရွာ ကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ည ၁၁ နာရီကျော်အချိန်မှာ ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိနေသလို နေအိမ်အဆောက်အဦးတွေနဲ့ တိရစ္ဆာန်တွေလည်း ထိခိုက်သေဆုံးတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
ပင်လည်ဘူးမြို့နယ်ကို လေကြောင်းမတိုက်ခိုက်မှီ တစ်ရက်အလိုက မြို့နယ်လုံးအနှံ့ လေကြောင်းကနေ ဝဲပျံကင်းထောက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီလတွေထဲ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသက ဟုမ္မလင်း ၊ ဖောင်းပြင် နဲ့ ပင်လည်ဘူးမြို့တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
