
မေ ၂၇ ၊ စစ်ကိုင်း
NUG ထိန်းချုပ်နယ်မြေတွေမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းများအားလုံး ယာယီပိတ်ထားကြဖို့ NUG ရဲ့ ပညာရေးဝန်ကြီးဌာနက မေ ၂၅ ရက်နေ့ရက်နဲ့ ထုတ်ပြန်ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက စာသင်ကျောင်းများ ၊ ဆေးရုံဆေးခန်းများကို လေကြောင်းဗုံးကြဲခြင်းအပြင် နည်းလမ်းအမျိုးအမျိုးဖြင့်တိုက်ခိုက်နေခြင်းများကြောင့် ယခုလိုခတ္တရပ်နားဖို့ ပြောဆိုတာဖြစ်ကြောင်း NUG ပညာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီလိုတိုက်ခိုက်ခံရမှုတွေကြောင့် ဆရာ/မများနဲ့ ကလေးငယ်များ ထိခိုက်သေဆုံးမှုများ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် NUGရဲ့ အခြေခံပညာပြည်သူ့အခြေပြုပညာရေးကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများနဲ့ သက်မွေးပညာကျောင်းများအားလုံး ယာယီပိတ်ထားရမှာလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ တော်လှန်ရေးပူးပေါင်းတပ်များထိန်းချုပ်ထားတဲ့ အင်းတော်ကြီးဒေသမှာ စာသင်ကျောင်း ၅၉ ကျောင်းရှိတဲ့အနက် စစ်ကောင်စီက၎င်းတို့လက်လှမ်းမှီစိုးမိုးနိုင်တဲ့ ၉ ကျောင်းကိုသာ ဖွင့်လှစ်မယ်လို့ ကြေညာထားသလို ပူးပေါင်းတပ်များဘက်ကလည်း ကျန်ကျောင်းများကို ၎င်းတို့ဦးဆောင်ဖွင့်လှစ်မယ်လို့ ဒေသခံများကို ပြောဆိုထားပါတယ်။
ဦးဆောင်ဖွင့်လှစ်မယ့်ကျောင်းတွေအတွက် ဆရာ/မတွေရဲ့ လစာ နဲ့ နေထိုင်စရိတ်တွေကို ကျေးရွာက တာဝန်ယူပေးသွားရမှာဖြစ်တယ်လို့ မေလလည်မှာ အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
NUG က မြေပြင်မှာ အခြေခံပညာကျောင်းပေါင်း(၆)ထောင်ခန့် ဖွင့်လှစ်ထားသလို တက်ရောက်နေတဲ့ကျောင်းသား/သူဦးရေ ၇၅၀,၀၀၀ ကျော်ရှိပြီး သင်ကြားပေးတဲ့ ဆရာ/မပေါင်း ခြောက်သောင်းကျော်ရှိတယ်လို့ NUG ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ် စာရင်းများအရ သိရပါတယ်။
