NUG က မြို့နယ် ၉ ခုကို အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းထား 

ဒီဇင်ဘာ ၁၈ ၊ ချင်းမိုင် 

NUG က စစ်ကိုင်း နဲ့ မကွေးတိုင်းဒေသကြီးထဲက မြို့နယ် ၉ ခုကို လိုအပ်ချက်အရ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းပြီး အုပ်ချုပ်နေတယ်လို့ ဆိုလာပါတယ်။ 

NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့ကျင်းပတဲ့ CRPH အစည်းအဝေးပွဲမှာ စစ်ရေး၊အုပ်ချုပ်ရေး ကဏ္ဍတွေရဲ့အစီရင်ခံစာတင်သွင်းချိန်တွင် ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ 

အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းတာဟာ လိုအပ်ချက်ကြောင့်ဖြစ်ပြီး စစ်ရေး၊ လုံခြုံရေး ၊ အုပ်ချုပ်ရေး၊ တရားရေးတွေကို အဓိကထားစီမံဆောင်ရွက်ဖို့အတွက်လို့ဆိုပါတယ်။ 

အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းထားတဲ့မြို့နယ်တွေဟာ မော်လိုက်၊ ကနီ၊ သပိတ်ကျင်း၊စဉ့်ကူး၊ ဖောင်းပြင်၊ ဟုမ္မလင်း ၊ ချောက်၊ ကလေး ၊ တမူး စတဲ့မြို့နယ်တွေဖြစ်တယ်လို့ဆိုပါတယ်။ 

အရေးပေါ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့တွေထဲက စဉ့်ကူးမြို့ကို NUG ကအလုံးစုံသိမ်းပိုက်ထားပြီး လက်ရှိမှာ စစ်တပ်ရဲ့ စစ်ကြောင်းတွေက မြို့အနီး လက်ပံလှကျေးရွာကို ရောက်ရှိထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ 

ကျန်တဲ့မြို့နယ်တွေမှာတော့ NUG က ကျေးလက်ဒေသတချို့ကို ထိန်းချုပ်ထားပြီး မြို့ပေါ်ဒေသတွေကို စစ်တပ်က အုပ်ချုပ်ထားတာလည်းဖြစ်ပါတယ်။ 

NUG ရဲ့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့တွေဟာ အုပ်ချုပ်ရေးအပြင်  မြို့နယ်တစ်ခုလုံးရဲ့  စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးတွေဘက်မှာလည်း လုပ်ပိုင်ခွင့်အပြည့်အဝရရှိကြတယ်လို့သိရပါတယ်။ 

အရေးပေါ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်တွေမှာ ရွှေတူးဖော်မှု ၊ ရေနံတူးဖော်မှုတွေ နဲ့ နယ်စပ်ဒေသကုန်သွယ်ရေးရှိတဲ့မြို့တွေဖြစ်ပါတယ်။ 

စစ်ကိုင်းနှင့် မကွေးတိုင်းက မြို့နယ် ၃၆ မြို့နယ်မှာ NUG က  ပြည်သူ့အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ထားနိုင်ပြီး  ပဲခူးတိုင်းကိုလည်း ချဲ့ထွင်ဖို့အတွက် လက်ရှိမှာ စစ်ကြောင်းတွေဖြန့်ကျက်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *